ဆန္ဒပြ၍ ဖမ်းဆီးခံရသူ ALD ဗဟိုတွဲဘက်အတွင်းရေးမှူးနှင့် တခြားနှစ်ဦး၏အမှု မေ ၄ ရက်သို့ ထပ်မံရွှေ့ဆိုင်း

ဆန္ဒပြ၍ ဖမ်းဆီးခံရသူ ALD ဗဟိုတွဲဘက်အတွင်းရေးမှူးနှင့် တခြားနှစ်ဦး၏အမှု မေ ၄ ရက်သို့ ထပ်မံရွှေ့ဆိုင်း
by -
ထွန်းခိုင် (နိရဥ္စရာ)

အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြ၍ တောင်ကုတ်မြို့တွင် ဖမ်းဆီးခံထားရသည့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ဗဟိုတွဲဘက်အတွင်းရေးမှူး ဦးကျော်ကျော်လင်းနှင့် တောင်ကုတ်မြို့မှ ကိုမင်းလှိုင်ထွန်း (ခ) သားသားကြီး၊ ကိုဇာနည်ထူးထူးတို့အမှုကို မေ ၄ ရက်သို့ ထပ်မံရုံးချိန်းလိုက်ကြောင်း သိရသည်။

အဆိုပါအမှုကို မနေ့ (ဧပြီ ၂၁ ရက်) က video conferencing ဖြင့် ရုံးထုတ်ခဲ့သော်လည်း ဥပဒေအရာရှိခွင့်ယူထားပြီး၊ တောင်ကုတ်မြို့နယ်တရားသူကြီး နေမကောင်းသဖြင့် လာမည့် မေလ ၄ ရက်နေ့သို့ ထပ်မံရုံးချိန်လိုက်ခြင်းဖြစ်သည်ဟု အမှုအား လိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးခင်မောင်ဌေးက ပြောသည်။

“မနေ့က ရုံးချိန်းတယ်။ ဒါပေမယ့် အမှုမစစ်ဖြစ်ဘူး။ ဥပဒေအရာရှိက ခွင့်ယူထားတယ်။ တရားသူကြီးက နေမကောင်းတဲ့အတွက် မစစ်ဖြစ်ဘူး။ ဥပဒေအရာရှိက မနေ့က ခွင့်ယူထားတယ်။ သူ့မိန်းမ ကလေးမွေးဖွားဖို့ဆိုပြီးတော့ ခွင့်ယူသွားတယ်” ဟု ပြောသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ဗဟိုတွဲဘက်အတွင်းရေးမှူး ဦးကျော်ကျော်လင်းနှင့် တောင်ကုတ်မြို့မှ ကိုမင်းလှိုင်ထွန်း (ခ) သားသားကြီး၊ ကိုဇာနည်ထူးထူးတို့သည် ဖေဖော်ဝါရီ ၂၈ ရက်နေ့ နံနက်ပိုင်းက ဆန္ဒပြန်ရန်ပြင်ဆင်နေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ဖမ်းဆီးခံရပြီးနောက် သူတို့အား တောင်ကုတ်မြို့နယ်၊ စီမံအုပ်ချုပ်ရေးကောင်စီ၏ ဒု-ဦးစီး ဦးမောင်ထွီးခိုင်က တရားလိုပြုလုပ်ကာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ - က ဖြင့် တရားစွဲဆိုခဲ့ကြောင်း သိရှိရသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့မှ (ALD) ပါတီမှ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်ကိုလည်း CDM လုပ်ရှားမှု၌ ပါဝင်သွားသောကြောင့် ပြီးခဲ့သော မတ်လ ၁၀ ရက်နေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဖမ်းဝရမ်းထုတ်ထားသည်ဟု သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...