မိုးမောက်တွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူ နှစ်ထောင်ဝန်းကျင်ခန့်ရှိလာ

မိုးမောက်တွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူ နှစ်ထောင်ဝန်းကျင်ခန့်ရှိလာ
by -
ခေါင်ညွယ် (KNG)

ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင် နှစ်ထောင်ဝန်းကျင်ခန့်ရှိလာကြောင်း အသင်းတော်တာဝန်ခံများထံမှ သိရသည်။

 

“လူက တစ်နေ့ထက်တစ်နေ့ ပိုများလာတယ်။ မနေ့ကအထိဆို ၇၀၀ ကျော်ရှိလာပြီ။ ခုလောလောဆယ်တော့ ကျွန်တော်တို့ အသင်းတော်ကနေ တာဝန်ယူထားပြီးတော့ တစ်ချို့ အရပ်ဘက်အဖွဲ့အစည်းက ကူညီတာတွေရှိတယ်။ ဒါပေမယ့် ရေရှည်အတွက်ဆိုရင်တော့ ပြန်ပြီး အစည်းအဝေးတွေ သေချာပြန်လုပ်ရမယ်။ ခုအနေထားနဲ့ကြည့်မယ်ဆိုရင် လူက နောက်ထပ် ထပ်တိုးလာနိုင်သေးတယ်” ဟု မိုးမောက် KBC နှစ်ခြင်းအသင်းတော်တာဝန်ခံကပြောသည်။

 

ဧပြီ ၁၅ ရက်မှစကာ နှစ်ဖက်တိုက်ပွဲများ ပိုမိုပြင်းထန်လာသည့်အတွက် မြို့သစ်၊ စီဟပ်၊ ကုန်းလော၊ မိုဟက်၊ မိုင်းခတ်၊ မင်းဂျမ်း၊ နောင်ကွမ်း၊ ရွှေမြောင်း၊ နန့်ငိုး၊ မြို့ဟောင်း၊ တာလီ၊ ဒေါ့ဖုန်းယန် အစရှိသည့် ကျေးရွာများမှပြည်သူများ ထွက်ပြေးတိမ်းရှောင်လာကြကြောင်း ၎င်းကဆက်လက်ပြောသည်။

 

လက်ရှိ ထွက်ပြေး‌တိမ်းရှောင်လာသူများသည် KBC ဘုရားကျောင်းတွင် စစ်ရှောင် ၇၀၀ ကျော်၊ ဗန်းမော် တံခွန်တိုင်ဘုန်းကြီးကျောင်းတွင် ၄၀၀ ကျော်၊ နန့်လိုင်ရွာ ကတ်သလစ်ဘုရားကျောင်းတွင် ၅၀၀ ကျော်၊ ဗန်းမော် မင်းကျောင်းကုန်းရပ်ကွက် ပရဟိတကျောင်းတိုက်တွင် အိမ်ထောင်စုအနည်းငယ်နှင့် သိမ်တော်ကြီးကျောင်းတွင် စစ်ရှောင် ၂၀၀ ခန့် ရောက်ရှိနေကြကြောင်း ဒေသခံများထံမှ သိရသည်။

 

“ကျွန်တော်တို့ရွာမှာဆို အကုန်ပြေးကုန်ကြပြီ ဒီမှာ လုံးဝကို ဆက်နေလို့မရတော့ဘူးလေ နေ့ရောညရော ပစ်နေတော့ နေလို့အဆင်မပြေတော့ဘူး”ဟု မြို့သစ်ဒေသခံတစ်ဦးက ပြောသည်။

 

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင်များအတွက် အခြေခံစားသောက်ကုန်များလည်း အများအပြားလိုအပ်နေကြောင်း သိရသည်။

 

ယင်းတိုက်ပွဲဖြစ်စဉ်များကြောင့် ဒေသခံ ၅ ဦးထက်မနည်း သေဆုံးခဲ့ရပြီး သံဃာတော်တစ်ပါး ပျံလွန်တော်မူခဲ့သည်။

 

ထိခိုက်ဒဏ်ရာရှိသူ ၅ ဦးခန့်ရှိခဲ့ပြီး ဒေသခံပြည်သူများ၏ နေအိမ်များ လက်နက်ကြီးကျရောက်မှုကြောင့် ပျက်စီးခဲ့ရသည်။

 

ထို့ပြင် ရွာအနီးတပ်စွဲထားသည့် တပ်များ၏ မြေမြုပ်မိုင်းများကြောင်း ဒေသခံများ၏ ကျွှဲ၊ နွားများ ဆုံးရှုံးရသည့်အပြင် မိုင်းဖိုးများ ပြန်လည်ပေးဆောင်နေကြ‌ရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...