ဒီမော့ဆိုမြို့၊ ငွေတောင်ဆည်တွင် စစ်အာဏာဆန့်ကျင်သည့် ငါးမျှားသပိတ်ကို ယနေ့ (ဧပြီ ၂၀ ရက်) နံနက်ပိုင်းက ပြုလုပ်ခဲ့ကြသည်။
ငါးမျှားသပိတ် ပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့်ပတ်သက်၍ သပိတ်ဦးဆောင်သူတစ်ဦးက "လူတွေက အားလုံး စိတ်မွန်းကြပ်နေလို့လေ။ ဒါကြောင့်မလို့ သူတို့လည်း စိတ်ထွက်ပေါက်တစ်ခုရအောင်ဆိုပြီး ကျနောတို့ အဲ့လိုရည်ရွယ်ချက်ရှိတယ်။ ဒါကြောင့်မလို့ သူတို့လည်း မပျော်ရွှင်ရတာလည်းကြာပြီ တစ်ချိန်လုံး စစ်အစိုးရပဲ ကြောက်လန့်ဆိုတဲ့ပုံစံမျိုးနဲ့ နေနေရတော့ သူတို့လည်း စိတ်ထွက်ပေါက်တစ်ခုအနေနဲ့ ရကောင်းရနိုင်မလားဆိုပြီး ကျနောတို့ လုပ်ပေးရခြင်းဖြစ်ပါတယ်” ဟု ပြောသည်။
ငါးမျှားသပိတ်တွင် ပါဝင်ကြသူများအနက် ငါးအကောင်ကြီးဆုံးရရှိသူကို ပထမဆုအနေဖြင့် ငွေကျပ်သုံးသောင်းနှင့် ငါးအကောင်ရေ အများဆုံး ရရှိသူကို ဒုတိယဆုအနေဖြင့် ငွေကျပ် ၂ သောင်း ချီးမြင့်ခဲ့ကြောင်း သိရသည်။
ငါးမျှားသပိတ်တွင် ပါဝင်ခဲ့သော အမျိုးသမီးတစ်ဦးက “စစ်အာဏာရှင်ဆန့်ကျင်တဲ့အနေနဲ့လည်း ပါဝင်တယ်။ ပြီးတော့ ကိုယ့်ဝါဿနာပါတာလည်းပါတယ်။ ငါးတော့ သိပ်မမျှားတတ်ဘူးပေါ့။ ဒါပေမယ့် ဒီ စစ်အာဏာရှင်ဆန့်ကျင်တဲ့အနေနဲ့ ဒီငါးမျှားသပိတ်မှာ ပါဝင်ရခြင်းဖြစ်ပါတယ်” ဟု ပြောသည်။
အဆိုပါသပိတ်ကို အနီးအနားမှ လာရောက်ဝန်းရံသူများလည်းရှိခဲ့ပြီး ၎င်းတို့အနေဖြင့် စစ်အာဏာရှင်ပြုတ်ကျရေးအတွက် တဖက်တလမ်းက လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။
“ဆန္ဒပြပွဲမှာဆို လူငယ်တွေက များတယ်လေ။ အဲ့တာ လိုချင်နေတဲ့ ဒီမိုကရေစီလေ လွတ်လပ်သော ဒီမိုကရေစီကို လိုချင်လို့ ဆန္ဒပြတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့က အာဏာသိမ်းလိုက်တဲ့ စစ်အာဏာရှင်ပြုတ်ကျဖို့ဆိုပြီးတော့ နှစ်ခုရည်ရွယ်ပြီးတော့လာတာ ဝန်းရံပေးတာ” ဟု လာရောက်ဝန်းရံသူ လူငယ်တစ်ဦးက ပြောသည်၊
ထို့ပြင် သားသမီးများ၏ အနာဂတ်အတွက် စစ်အာဏာစနစ်ကို ဆန့်ကျင်သောသပိတ်များတွင် နေ့စဉ်ပါဝင်နေခြင်းဖြစ်ကြောင်း ပြည်သူများက ပြောသည်။
အဆိုပါ ငါးမျှားသပိတ်တွင် လူအင်အား ၂၀၀ ကျော်လောက်ပါဝင်ခဲ့ပြီး ပထမဆုံးပြုလုပ်သည့် ငါးမျှားသပိတ်လည်းဖြစ်သည်။
ဒီးမော့ဆိုမြို့တွင် မြို့နယ်လုံးကျွတ်သပိတ်ကို နှစ်ရက်ခြားတစ်ကြိမ် ပြုလုပ်လျက်ရှိပြီး စစ်အာဏာရှင်စနစ်ကို နေ့ကောညပါ ပြုလျက်ရှိကြောင်း သိရသည်။