ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်လုံးကျွတ်သပိတ်ကို ဧပြီ ၁၉ ရက်က အို့ခူးရီကျေးရွာတွင် ဆက်လက်ပြုလုပ်ခဲ့ကြပြီး လူအင်အား တစ်ထောင်ဝန်းကျင်ခန့်ပါဝင်ခဲ့ကြကြောင်း သိရသည်။
“ဒီစစ်တပ်အုပ်ချုပ်တာကို ကျွန်မတို့ မြန်မာနိုင်ငံပြည်သူတွေအားလုံးအတွက်၊ ကျွန်မတို့ သားသမီးအတွက် ရာသက်ပန် လုံးဝအလိုမရှိတဲ့ အတွက်ကြောင့်မလို့ ရှိတဲ့အလုပ်ချန်ထားပြီးတော့မှ ဒီသပိတ်ကို လာရခြင်းဖြစ်တယ်” ဟု စစ်အာဏာရှင်ဆန့်ကျင်လုပ်ရှားသည့်သပိတ်တွင် ပါဝင်သည့် ပြည်သူတစ်ဦးက ပြောသည်။
ဒီးမော့ဆိုမြို့နယ်လုံးကျွတ်သပိတ်ကို ပုံစံမျိုးစုံဖြင့် ရက်ပေါင်း ၇၀ ကျော် ငြိမ်းချမ်းစွာပြုလုပ်ခဲ့ပြီး စစ်တပ်ဖက်မှ အကြမ်းဖက်ဖြိုခွင်းခြင်းမရှိသေးပေ။
သပိတ်တွင်ပါဝင်သည့် ပညာရေးဝန်ထမ်းဆရာမတစ်ဦးကလည်း အရေးတော်ပုံအောင်သည်အထိ ပြည်သူနှင့်အတူပူးပေါင်းကြရန် တိုက်တွန်းပြောကြားခဲ့သည်။
“ကျွန်မတို့ ပညာရေးဝန်ထမ်းတွေ ကျွန်မတို့ CDM ဝင်ပြီလို့ပြောကတည်းက ကြိုတင်ပြင်ဆင်မှုတွေက ရှိကိုရှိရလိမ့်မယ်။ ကြိုတင်ပြင်ဆင်မှုဆိုတာက စိတ်ရဲ့ ကြိုတင်ပြင်ဆင်မှု ကျွန်မတို့ CDM ဝင်လိုက်ရင် ဘာဖြစ်လာနိုင်လဲဆိုတဲ့စိတ် လစာမရရင်လည်း မရဘူး။ အလုပ်ပြုတ်ရင်လည်း ပြုတ်နိုင်တယ်။ ကြိုတင် ပြင်ဆင် ထားတယ်။ ကျွန်မကကိုယ့်ရဲ့ ခံယူခချက်ကို ပြောပြတယ်ပေါ့နော်။ လက်ဆင့်ကမ်းပြီးတော့ သိရအောင်လေ။ နောက်ပြီးတော့ ကျွန်မအဲ့လိုပြောလို့ အဆင်ပြေလား မပြေဘူး။ ကျွန်မက ကျန်းမာရေးမကောင်းဘူး။ အမြဲတမ်းဆေးခန်းပြနေရတယ်။ ဒါပေမယ့် တောင့်ခံမယ် အဆုံးထိတောင့်ခံမယ်။ ပြည်သူလူထုနဲ့ အတူလက်တွဲပြီးတော့ အဆုံးထိတောင့်ခံမယ်။ ပညာရေးဝန်ထမ်းက ဆရာ/ဆရာမ အားလုံးကိုလည်း အဆုံးထိ ဒီအရေးတော်ပုံ အောင်ပြီးတဲ့အထိ ပြည်သူလူထုနဲ့ ပူးပေါင်းပေးပါ” ဟု သပိတ်တွင်ပါဝင်နေသည့် ပညာရေးဝန်ထမ်း ဆရာမ တစ်ဦးကပြောသည်။
မြန်မာနိုင်ငံတွင် ပြည်သူများအနေဖြင့် လူမျိုး၊ ဝါဒမကွဲကြဘဲ ဘုံရန်သူ အာဏာရူးများကို တိုက်ထုတ်သွားရန် သပိတ်တွင် ပါဝင်သူတစ်ဦးကလည်း မေတ္တာရပ်ခံတိုက်တွန်းခဲ့သည်။
“ကျွန်တော်တို့တွေ အရောင်တွေ မကွဲပါနဲ့တော့ လူမျိုးတွေ မကွဲပါနဲ့တော့ ဝါဒတွေ မကွဲပါနဲ့တော့။ သဘောထားတွေ ကွဲလွဲလို့ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ စိတ်ဝမ်းကွဲလို့မရပါဘူး။ ကျွန်တော်တို့ တစ်တိုင်းတစ်ပြည်လုံး ကျွန်တော်တို့ ကယားတစ်ပြည်နယ်လုံးမှာရှိတဲ့ ပြည်သူလူထုအကုန်လုံးရဲ့ဘုံရန်သူသည် စစ်အာဏာရှင်စနစ်အုပ်ချုပ်နေတဲ့ စစ်အာဏာရူးလူတစုကို ကျွန်တော်တို့ တိုက်ထုတ်နေပါတယ်။ ဒါကိုပဲ ကျွန်တော်တို့ ရင်ဘတ်ထဲမှာ တစ်ခုတည်းကိုပဲ စွဲစွဲမြဲမြဲထားကြပါ။ ကျန်တာတွေကို ဒီချိန်ကစပြီးတော့ ဘယ်တော့မှ ဆက်လက်သွားမယ့် တိုက်ပွဲမှာ ဝါဒတွေမကွဲပါနဲ့တော့ လူမျိုးဝါဒတွေလည်း မကွဲကြပါနဲ့ အရောင်ဝါဒတွေလည်း မကွဲကြပါနဲ့တော့လို့ ပြည်သူလူထုရင်ဘတ်ထဲ ထည့်ပေးလိုက်ချင်တယ်”ဟု ၎င်းကပြောသည်။
ကယားပြည်နယ်တွင် လက်ရှိအချိန်ထိ စစ်အာဏာဆန့်ကျင်သပိတ်ကို နေ့သပိတ်အပြင် ညသပိတ်ပါပြုလုပ်နေကြပြီး မြို့နယ်အလိုက် အရှိန်မပျက်ဘဲ သပိတ်ပြုလုပ်နေကြခြင်းဖြစ်သည်။
Published
Tuesday, April 20, 2021
ဒီးမော့ဆို မြို့နယ်လုံးကျွတ်သပိတ် လူအင်အား တစ်ထောင်ဝန်းကျင်ခန့်ပါဝင်