ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံခရစ်ယာန်မျက်မမြင်များ မိတ်သဟာယကျောင်းဝင်းထဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဧပြီလ ၁၂ ရက်နေ့မှစ၍ ဝင်ရောက်ကာ တပ်စွဲထားခဲ့သည်ကို မြင်တွေ့ခဲ့ကြသူများက စိုးရိမ်မှုများရှိနေကြောင်း ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြထားကြသည်။
ခေတ်အဆက်ဆက် အစိုးရထံ၌ တရားဝင်မှတ်ပုံတင်ထားပြီး မျက်မမြင်ကျောင်းသူ/ကျောင်းသား ရာနှင့်ချီရှိသည့် မြန်မာနိုင်ငံ ခရစ်ယာန်မျက်မမြင်များ မိတ်သဟာယကျောင်းမှာ မရမ်းကုန်းမြို့နယ်၊ ဗဟိုလမ်းနှင့် ဇေယျာလမ်းကြားရှိ ခဝဲခြံရပ်ကွက်တွင်တည်ရှိပြီး ထိုနေ့ည ၇ နာရီကျော်က ကျောင်းဝင်းသို့ အသိပေးခြင်းမရှိဘဲ ဝင်ရောက်တပ်စွဲထားခဲ့ခြင်းဖြစ်သည်ဟု မြို့ခံတစ်ဦး၏ အွန်လိုင်းစာမျက်နှာတွင် ဖော်ပြထားသည်။
ခန့်မှန်းခြေ အင်အား ရဝ ခန့်ရှိ အာဏာသိမ်းစစ်ကောင်စီ၏ အောက်ခြေတပ်ဖွဲ့ဝင်များသည် ဧပြီလ ၁၂ ရက် ညပိုင်းတွင် ကား ရ စီးနှင့် ရောက်ရှိလာကာ ကျောင်းဝင်းထဲကျော်ဝင်ပြီး တပ်စွဲထားသည့်အတွက် နောက်တစ်ရက်တွင် ကိုယ်တိုင်မျက်မမြင်ဖြစ်သူ ကျောင်းအုပ်ဆရာဦးသိန်းလွင်က မည်မျှကြာကြာနေမည်ကိုမေးမြန်းရာ နှစ်ပတ်ခန့်နေမည်ဟု ပြန်လည်ပြောကြောင်း သိရသည်။
အွန်လိုင်းပို့စ်တစ်ခုတွင် “အမြင်အာရုံချို့တဲ့သူလေးတွေဆိုတော့ သူတို့သွားလာလှုပ်ရှားနေထိုင်တာဟာ သူတို့အမှတ်အသားနဲ့ သူတို့အထာနဲ့ သူတို့ဖြစ်ပါတယ်။ ကုန်ကုန်ပြောရရင် ရေချိုးခန်းအိမ်သာ (မိန်းကလေး/ယောက်ျားလေး သီးသန့်) ကအစ သူတို့အသုံးပြုတဲ့အခါ လွယ်ကူစေမယ့်နည်းလမ်းတွေနဲ့ လုပ်ထားတာပါ။ သာမန်လူတွေထက် လုံခြုံမှုအားနည်းပါတယ်။ အရွယ်ရောက်မိန်းခလေးများအတွက် ပို၍စိုးရိမ်ရပါတယ်” ဟု ဖော်ပြထားသည်။
လတ်တလောတွင် မိတ်သဟာယကျောင်း၏ ဝန်ထမ်းများကို လစာမပေးနိုင်ခြင်းသည့်အပြင် ပြန်စရာအိမ်မရှိကြသော ဉာဏ်ရည်အားနည်းကာ အမြင်ချို့တဲ့သည့် ကျောင်းသူ/ကျောင်းသား ၃၆ ဦးတို့အတွက် အလှူရှင်များလှူဒါန်းသည့် ဆန်၊ ဆီ ပစ္စည်းများကို ဝေမျှပေးနိုင်သော်လည်း ဟင်းစားများ လိုအပ်လျှက်ရှိသည်ဟု ကိုယ်တိုင်သွားရောက်ခဲ့သူတစ်ဦးက ၎င်း၏အွန်လိုင်းစာမျက်နှာတွင် အသိပေးထားသည်။
ယခုကဲ့သို့ မျက်မမြင်ကျောင်းဝင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ မည်သည့်တပ်ရင်းမှဖြစ်ကြောင်း အတည်မပြုနိုင်သေးသော်လည်း ရန်ကုန်တစ်မြို့လုံးရှိ ကျောင်းများ၊ ဘုန်းကြီးကျောင်းများ၌လည်း အလားတူတပ်စွဲထားခြင်းများရှိကြောင်း မြန်မာမီဒီယာအသိုင်းအဝိုင်းမှ တာဝန်ရှိသူတစ်ဦးကလည်း ကေအိုင်စီသို့ ပြောဆိုသည်။
၁၉၇၅ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့သည့် အဆိုပါကျောင်းမှာ ဘာသာရေးအဆောက်အအုံဖြစ်သည်သာမက အမြင်အာရုံချို့တဲ့ကြသည့် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပညာသင်ကြားရင်း နေထိုင်ကြသည့် ကျောင်းလည်းဖြစ်ရာ ယင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်တပ်စွဲထားခြင်းမှာ မဖြစ်သင့်ကြောင်း၊ အလှူရှင်များအနေဖြင့် ကျောင်းဝင်းသို့ ဝင်ထွက်သွားလာနိုင်ရေး တာဝန်ရှိသူများထံ ကြိုတင်ဆက်သွယ်ထားရသည်ဟုလည်း သိရသည်။