၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးဖျက်သိမ်းကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ထုတ်ပြန်လိုက်သည်။
CRPH ၏ ထုတ်ပြန်ချက်ထဲတွင် “ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အား ၂၀၂၁ ခုနှစ် မတ် ၃၁ ရက်တွင် အပြီးသတ်ဖျက်သိမ်းကြောင်း ကြေညာလိုက်သည်” ဟု ဖော်ပြထားသည်။
မတ် ၃၁ ရက် ညပိုင်းကထုတ်ပြန်ထားသည့် CRPH ၏ ထုတ်ပြန်ချက်ထဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်သည် စစ်အာဏာရှင်ဝါဒ သက်ဆိုးရှည်စေရန် ရည်ရွယ်ရေးသားထားရုံမျှမက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် အဟန့်အတားပြုလျက်ရှိသော ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုဖြစ်သည်ဟု ဆိုသည်။
ထို့ပြင် အကြမ်းဖက်စစ်ကောင်စီသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်ပါ ပြဌာန်းချက်များကို ချိုးဖောက်လျက် နိုင်ငံတော်အာဏာကို အဓမ္မသိမ်းယူခဲ့ခြင်းကြောင့် ဤဖွဲ့စည်းပုံဥပဒေသည် ပျက်ပြယ်ခဲ့ပြီးဖြစ်သည်ဟု CRPH ၏ ထုတ်ပြန်ချက်ထဲတွင် တွေ့ရသည်။
တစ်ဖက်တွင်လည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းရန်နှင့် ပြည်သူ့အစိုးရပေါ်ပေါက်ရန် CRPH က ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကိုလည်း ရေးဆွဲထားပြီဟု ဆိုသည်။
CRPH ၏ ထုတ်ပြန်ချက်အရ “အာဏာရှင်စနစ် ပပျောက်ရေး ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အပြီးသတ်ဖျက်သိမ်းရေး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ပြည်သူ့အစိုးရပေါ်ထွန်းရေး ရည်ရွယ်ချက်များဖြင့် ဖက်ဒရယ်ဒီမိုကရေစီအင်အားစုများ စုပေါင်းဆွေးနွေးဆုံးဖြတ်လျက် အတည်ပြုပြဌာန်းခဲ့သော ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်သည်လည်း မြန်မာနိုင်ငံတွင် ပေါ်ပေါက်ခဲ့ပြီးဖြစ်သည်” ဟု သိရသည်။
ပြည်ထောင်စုအတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ၊ အရင်းခံပြဿနာများကို အပြီးသတ်ချုပ်ငြိမ်းစေရန်၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် လက်တွဲနိုင်ရန်၊ ဒီမိုကရေစီစနစ်ကိုကျင့်သုံးပြီး တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ထောင်ရန် ရည်ရွယ်သည်ဟု CRPH က ဆိုသည်။
ထို့အပြင် ပြည်ထောင်စု၏ လူမျိုးများအားလုံး၊ နိုင်ငံသားများအားလုံး လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်း၊ တရားမျှတခြင်းတို့ကို အခြေခံကာ အပြန်အလှန် အသိအမှတ်ပြုလေးစားမှု ချစ်ကြည်ရိုင်းပင်းမှု၊ သွေးစည်းညီညွတ်မှုတို့ဖြင့် ငြိမ်းချမ်းစွာ အေးအတူပူအမျှ အတူတကွယှဉ်တွဲနေထိုင်နိုင်ရန် ခိုင်မာသောသန္နိဋ္ဌာန်ချမှတ်လျက် ဤဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (Federal Democracy Charter) ကို ထုတ်ပြန်ကြေညာခြင်းဖြစ်သည်ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ပြောသည်။
အဆိုပါ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် ဖက်ဒရယ်ပြည်ထောင်စု ကြေညာစာတမ်းကို မတ် ၃၁ ရက် ညပိုင်းက CRPH က ထုတ်ပြန်ခဲ့ပြီး ထိုစာတမ်းထဲတွင် စာမျက်နှာ ၂၀ ပါရှိသည်ဟု သိရသည်။
ထိုအနေအထားများကြောင့် အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေသည့် ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို အပြီးသတ်ဖျက်သိမ်းကြောင်း CRPH က ထုတ်ပြန်ကြေညာရခြင်းဖြစ်သည်ဟု ဆိုသည်။