စစ်ကောင်စီက CDM တွင်ပါဝင်သော ဝန်ထမ်းများကိုစုစည်း၍ မော်လမြိုင်-ရန်ကုန် လူစီးရထားများ ပြန်လည်ပြေးဆွဲရန်စီစဉ်

စစ်ကောင်စီက CDM တွင်ပါဝင်သော ဝန်ထမ်းများကိုစုစည်း၍ မော်လမြိုင်-ရန်ကုန် လူစီးရထားများ ပြန်လည်ပြေးဆွဲရန်စီစဉ်
by -
စိုင်းထွန်းစံ (MNA)

မွန်ပြည်နယ်တွင် CDM လှုပ်ရှားမှုတွင်ပါဝင်နေသော မီးရထားဝန်ထမ်းများအား အာဏာပိုင်များက ပြန်လည်စည်းရုံးခဲ့ပြီး မော်လမြိုင်-ရန်ကုန် လူစီးရထားများ ပြန်လည်ပြေးဆွဲရန် ပြင်ဆင်နေကြောင်း သိရသည်။

တပ်က နိုင်ငံ့အာဏာကိုသိမ်းလိုက်ပြီးနောက် မီးရထားဝန်ထမ်းအများစု CDM ပြုလုပ်ခဲ့သဖြင့် အဆိုပါ မီးရထားလမ်းကြောင်းသည်လည်း တစ်လခွဲနီးပါးခန့် ရပ်နားထားခဲ့ရခြင်းဖြစ်ပြီး ယခုအခါ မော်လမြိုက်-ရန်ကုန် အမှတ် ၉၀ လူစီးရထားကို တပ်လုံခြုံရေးအပြည့်ဖြင့် မော်လမြိုင်ဘူတာကြီးမှ ရန်ကုန်မြို့သို့ မတ် ၂၆ ရက် နံနက်ပိုင်းက စမ်းသပ်မောင်းနှင်ခဲ့ကြောင်း သိရသည်။

“လူစီးတွဲ လေးတွဲပါတယ်။ ခရီးသည်တော့မပါဘူး။ နောက်ရက်တွေမှာ ပုံမှန်ပြန်လည်ပြေးဆွဲဖို့ စီစဉ်နေပြီ အခု အစမ်းခုတ်မောင်းကြည့်တာပါ စစ်သား လုံခြုံရေးတွေပါတယ်” ဟု မီးရထားဝန်ထမ်းတစ်ဦးက ပြောသည်။

လက်ရှိ နိုင်ငံရေးအခြေအနေကြောင့် မွန်ပြည်နယ်အတွင်း မီးရထားဖြင့် ခရီးသွားလာခြင်းနှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ ပုံမှန်သွားလာနိုင်ခြင်း မရှိသေးပေ။

“ရထားတွေ ပုံမှန်မထွက်သေးဘူး။ ကျွန်တော်တို့မန်နေဂျာ နေပြည်တော်ရုံးချုပ်ကို အစည်းအဝေးသွားနေတယ်။ အဲကနေပြန်ပြီးတော့ ညွှန်ကြားမှပဲ ရထားထွက်လို့ရမယ်။ ဝန်းထမ်းတွေလည်း CDM လုပ်မယ့်သူကလုပ် မလုပ်တဲ့သူကမလုပ်ဘူးပေါ့၊ အဲဒီတော့ ရှိတဲ့ဝန်ထမ်းတွေလောက်ကို ပြန်ပြီး စုနေတယ်” ဟု ၎င်းကဆက်ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၆ ရက်တွင် မော်လမြိုင်-ရန်ကုန် လူစီးရထားကို ဆန္ဒပြသူလူအုပ်ကြီးက ရထားမထွက်ခွာရန် တားဆီးခဲ့သည်မှစတင်၍ မီးရထားဝန်ထမ်းအများစု CDM တွင် ပါဝင်ခဲ့လာသောကြောင့် မွန်ပြည်နယ်အတွင်း ရထားသွားလာမှုအားလုံး ရပ်နားလိုက်ရကြောင်း တွေ့ရသည်။

သို့ရာတွင် CDM လှုပ်ရှားမှုတွင်ပါဝင်နေသော မီးရထားဝန်ထမ်းများအား အာဏာပိုင်များပြန်လည်စည်းရုံးခဲ့ပြီး အလုပ်မှ ရပ်နားလိုသူများကို မီးရထားဝန်ထမ်းလိုင်းခန်းများမှ မတ်လ ၂၃ ရက်နေ့တွင် အတင်းပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

တဖက်တွင်လည်း မွန်ပြည်နယ်အတွင်း ရပ်နားထားသော အဝေးပြေးယာဉ်လိုင်းများ မတ် ၂၂ ရက်မှစ၍ ပုံမှန်ပြန်လည်ပြေးဆွဲလျက်ရှိပြီး ခရီးသွားပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ထောက်ခံစာမလိုအပ်သည့်အပြင် လမ်းခရီးပိတ်ဆို့မှုလည်း မရှိတော့ကြောင်း ယာဉ်မောင်းများမှ သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...