အာဏာသိမ်းစစ်ကောင်စီက KNU တပ်မဟာ ၅ နယ်မြေအတွင်းသို့ လေကြောင်းဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်

အာဏာသိမ်းစစ်ကောင်စီက KNU တပ်မဟာ ၅ နယ်မြေအတွင်းသို့ လေကြောင်းဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်

အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ နယ်မြေ မူတြော် (ဖာပွန်) ခရိုင်အတွင်းသို့ လေကြောင်းဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်မှုတွင် သေဆုံးဒဏ်ရာရသူများရှိကြောင်း KNU က ပြောသည်။

အဆိုပါ တိုက်ခိုက်မှုနှင့်ပတ်သက်၍ KNU ၏ မတ် ၂၈ ရက် ထုတ်ပြန်ချက်ထဲတွင် KNU တပ်မဟာ ၅ ဧရိယာအတွင်းသို့ မတ်လ ၂၇ ည ၇ နာရီမှ နံနက် ၂ နာရီအထိ အာဏာသိမ်းစစ်ကောင်၏ လေကြောင်းတပ်များက လာရောက်ပစ်ခတ်တိုက်ခိုက်သည့်ဟု ဆိုသည်။

KNU က “ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင် တပ်မဟာ ၅ ၏ ဌာနချုပ်ကို အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုမှ ၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်နေ့ည ၇ နာရီမှ နံနက် ၂ နာရီအထိ လေယာဉ် ၂ စင်းဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ပါသည်။ ထိုသို့ပစ်ခတ်ရာတွင် နေအိမ်တစ်လုံး မီးလောင်ပျက်စီး၍ ထိုအိမ်အတွင်းတွင်နေထိုင်သောသူသည်လဲ ထိခိုက်သေဆုံးပြီး မီးလောင်ကျွမ်းခဲ့သည်။ ထို့ပြင် အခြားသော ပြည်သူလူထုများ ထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုများလဲ ရှိခဲ့ပါသည်” ဟု ထုတ်ပြန်ချက်ထဲတွင် ပြောဆိုထားသည်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ က အာဏာသိမ်းစစ်ကောင်စီ၏ သီးမူထာတပ်စခန်းအား မတ်လ ၁၇ ရက်နေ့ အစောပိုင်းက ဝင်ရောက်သိမ်းယူပြီးနောက် အာဏာသိမ်းစစ်ကောင်စီမှ အဆိုပါဒေသသို့ လေယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သည်ဟု KNU က ဆိုသည်။

ထို့သို့ ပစ်ခတ်မှုကြောင့် နေအိမ်တစ်လုံးမီးလောင်ပျက်စီးပြီး ၎င်းနေအိမ်အတွင်းနေထိုင်သူကို မီးလောင်ကျွမ်းသေဆုံးနေသည်ကို တွေ့ရသည်ဟု KNU ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့များ သေဆုံးမှုများရှိသည့်အပြင် ဖမ်းဆီးရမိထားမှုများလည်း ရှိကြောင်း KNU ၏ မတ် ၂၇ ရက် ထုတ်ပြန်ချက်ထဲတွင် တွေ့ရသည်။

“အဆိုပါဖြစ်စဉ်တွင် အာဏာသိမ်းစစ်အုပ်စုလက်အောက်ခံတပ် တပ်ဖွဲ့ဝင် (၁၀) ဦးကျဆုံးခဲ့ပြီး ဒု-တပ်ရင်းမှူးတစ်ဦး ပါဝင်ခဲ့ပါသည်။ စစ်သုံ့ပန်း (၈) ဦးကို ဖမ်းဆီးရမိခဲ့ပြီး အဆိုပါ စစ်သုံ့ပန်းရှစ်ဦးထဲတွင် ဒု-ဗိုလ် အဆင့်ရှိသူ တစ်ဦးပါဝင်ပြီး အခြား (၂) ဦးမှာ ဒဏ်ရာရရှိထားသောကြောင့် ကေအဲန်အယ်လ်အေ ဆေးတပ်တွင် ဆေးကုသမှုခံယူနေပါသည်” ဟု KNU က ပြောသည်။

ထိုတိုက်ပွဲများကြောင့် အဆိုပါဒေသရှိနှင့် အနီးအနားရှိ ပတ်ဝန်းကျင်မှ အိမ်ထောင်စု ၅၄ စုမှာ ထိုင်းနိုင်ငံနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်ဟု KNU ၏ ထုတ်ပြန်ချက်အရ သိရသည်။

တပ်မတော်မှ အာဏာသိမ်းပြီးနောက်ပိုင်း KNU နှင့် တပ်မတော်တို့အကြား စစ်ရေးတင်းမာမှုများ ပိုမိုရှိလာပြီး တိုက်ပွဲများ ဆက်တိုက်ဆိုသလို ပြင်းထန်စွ ဖြစ်ပွားလာသည့်အပြင် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့နှင့်ပါ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...