ဖားကန့် အာဏာသိမ်းစစ်တပ်၏ ရဲတပ်ရင်းများကို KIA တိုက်ခိုက်

ဖားကန့် အာဏာသိမ်းစစ်တပ်၏ ရဲတပ်ရင်းများကို KIA တိုက်ခိုက်
by -
ခေါင်ညွယ် (KNG)

ဖားကန့်မြို့နယ် အာဏာသိမ်းစစ်တပ်လက်အောက်ရှိ ရဲတပ်ရင်းစခန်းနှစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ယနေ့ (မတ် ၂၈ ရက်) မနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ယနေ့ နံနက်ပိုင်း ၃ နာရီခန့် ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ဖာဝါကျေးရွာအတွင်းရှိ ရဲတပ်ရင်းစခန်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။

 

"ဒီကနေ့ မနက် သုံးနာရီနာလောက်မှာ ဖြစ်တာဟုတ်တယ်။ ဖာဝါကျေးရွာမှာရှိတဲ့ ရဲတပ်ရင်းစခန်းကို KIA ဘက်က ဝင်တိုက်တာဖြစ်မယ်။ အထဲမှာက ရဲသား ၂၀ လောက်ဘဲရှိမယ် ထင်ကြတယ်။ ဒါပေမယ့် အထဲမှာ ၃၀ လောက်ရှိနေတယ်တဲ့။ ၂ ယောက်တော့ လွတ်သွားတယ်တဲ့။ ကျန်တဲ့သူတေတွေအကုန်လုံးက အဲ့မှာ အကုန်လုံး ကျဆုံးသွားတယ်လို့ သတင်းကြားတယ်" ဟု ၎င်းကပြောသည်။

 

ဖာဝါကျေးရွာ ရဲတပ်ရင်းကို ဝင်ရောက်တိုက်ခိုက်ပြီးနောက် ဖာဝါ ဆန်ခါ၊ ကထန်ယာန် စသောကျေးရွာအလယ်တွင်ရှိသည့် ကျောက်စိမ်းတူးဖော်သည့် တောက်ပကြယ်ကုမ္မဏီဝန်းအတွင်းရှိ ရဲကင်းများကိုလည်း ထပ်မံသွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ယနေ့ နံနက်တိုက်ပွဲကြောင့် ဒေသခံအိမ်ထောင်စု ၃၀ ခန့်က ကျေးရွာကချင်နှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်း ဝင်ရောက်တိမ်းရှောင်နေကြောင်း သိရသည်။

 

ထို့အပြင် ယနေ့ နံနက်တိုက်ပွဲကြောင့် ဆန်ခါ၊ ကဋေမှော်၊ ကထန်ယာန် ကျေးရွာအတွင်း လက်နက်ကြီးကျည်များကျရောက် ခဲ့သော်လည်း လက်ရှိအချိန်ထိ ထိခိုက်ဒဏ်ရာ ရသူများမရှိသေးကြောင်း သိရသည်။

 

ဖားကန့်မြို့တွင် အာဏာသိမ်းစစ်တပ်ကိုဆန့်ကျင်သော ပြည်သူလူထုကို ရဲနှင့် စစ်တပ်က ပစ်ခတ်သဖြင့် မတ် ၁၄ ရက်တွင် တစ်ဦးနှင့် မတ် ၂၇ ရက်တွင် တစ်ဦး စုစုပေါင်း နှစ်ဦး ကျဆုံးသွားပြီဖြစ်သည်။

 

ကချင်ပြည်နယ်တွင် အာဏာသိမ်းစစ်တပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က မတ် ၁၁ ရက်မှစတင်ပြီး တိုက်ခိုက်လာခြင်းဖြစ်သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...