PSLF/TNLA နှင့် အာဏာသိမ်း စစ်ကောင်စီ၏ လက်နက်ကိုင် တပ်တို့ တိုက်ပွဲပြင်း ထန်စွာ ဖြစ်ပွား

PSLF/TNLA နှင့် အာဏာသိမ်း စစ်ကောင်စီ၏ လက်နက်ကိုင် တပ်တို့ တိုက်ပွဲပြင်း ထန်စွာ ဖြစ်ပွား

တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA နှင့် အာဏာသိမ်း စစ်ကောင်စီ၏ လက်နက်ကိုင် တပ်တို့အကြား ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ထဲတွင် တိုက်ပွဲပြင်း ထန်စွာ ဖြစ်ပွားခဲ့သည်ဟု PSLF/TNLA က ပြောသည်။

မတ် ၂၅ ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် PSLF/TNLA နှင့်အတူ မြန်မာအမျိုးသား ဒီမိုက ရက်တစ် မဟာမိတ်တပ်မတော် MNTJP/ MNDAA ကိုးကန့်တပ်ဖွဲ့များပါ ပူးပေါင်းကူညီတိုက်ခိုက်ခဲ့သည်ဟု PSLF/TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောသည်။

၎င်းက “ဒီမနက် ၈ နာရီခွဲကနေ ၁၁ နာရီခွဲအထိ နမ့်ခမ်းမြို့နယ်ထဲက ပန်ခါးရွာနှင့် မန်ပန်ရွာကြားပေါ့။ကျွန်တော် တို့ အဖွဲ့ရယ် MNDAA ရယ် တပ်နှင့် ထိတွေ့မှုဖြစ်တယ်။ ကျွန်တော်တို့က ပန်ခါးကနေ လာပြီးမှ အဲဖက် မန်ပန်ဖက်အသွား အဲမှာ ခလရ ၄၂၆ နဲ့ တိုးပြီးမှ တိုက်ပွဲဖြစ်ပွားတာဖြစ်တယ်” ဟုပြောသည်။

သို့သော် လက်ရှိအချိန်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခြင်း မရှိပဲ ငြိမ်သက်နေသည်ဟု ဆိုသည်။

ဗိုလ်မှူး မိုင်းအိုက်ကျော် “စောစောပြောသလို တိုက်ပွဲကတော့ နှစ်ဖက်ထိတ်တိုက်ရင်ဆိုင် ပုံစံဖြစ်သွားတော့ တိုက်ပွဲဖြစ်ပွားရတာဖြစ်တယ်။ အဲမှာ နောက်မှာတော့ တိုက်ပွဲက လောလောဆယ်မှာ ပြန်ငြိမ်သွားတာပေါ့။ အထူးသဖြင့်တော့ တပ်ဖက်ကလည်း ထွက်လာတဲ့အချိန် ကျနော်တို့ဖက်လည်း ထွက်လာတယ်။ ပက်ပင်းတိုးပြီး တော့မှ အဲလိုမျိုး ရုတ်တရက် တိုက်ပွဲဖြစ်ပွားတာ ဖြစ်ပါတယ်” ဟုပြောသည်။

ယနေ့ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း PSLF/TNLA နှင့် MNDAA ကိုးကန့် ပူးပေါင်းတပ်တို့ဖက်မှ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိဟုဆိုသည်။ သို့သော် အာဏာသိမ်း စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များဖက်မှ ထိခိုက်ကျဆုံးမှုကို မသိရကြောင်း ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောသည်။

ထို့ပြင် လက်ရှိ အချိန်အထိ PSLF/TNLA လှုပ်ရှားရာ ဒေသများဖက်တွင် အာဏာသိမ်း စစ်ကောင်စီ၏ လက်နက်ကိုင် တပ်များမှာ ယခင်အတိုင်း စစ်ရေး လှုပ်ရှားမှုများ ပုံမှန်ရှိနေသည်ဟု PSLF/TNLA က ပြောသည်။

PSLF/TNLA အနေဖြင့် တပ်မတော်မှ ရွေးကောက်ပွဲတွင် အနိုင်ရရှိထားသည့် NLD အစိုးရထံမှ အာဏာ သိမ်း ယူမှုကို မကြိုက်မနှစ်သက်ကြောင်းနှင့် အာဏာသိမ်း စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များမှ ပြည်သူများ အား သေကြေဒဏ်ရာရရှိသည့် အထိ ဦးတည်ထိခိုက်နေမှုများကို မလိုလားဟု ဆိုသည်။

မတ်လ ၂၅ ရက်နေ့ (ယနေ့) တွင် PSLF/TNL ၊ MNDAA ကိုးကန့် ပူးပေါင်းတပ်များနှင့် အာဏာသိမ်း စစ်ကောင်စီ၏ လက်နက်ကိုင်တပ်တို့အကြား ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ သကဲ့သို့ ကချင်ပြည်နယ်တွင်လည်း အာဏာသိမ်း စစ်ကောင်စီ၏ လက်နက်ကိုင် တပ်များနှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်။

အာဏာသိမ်း စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသည် မြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး လက်နက်ကိုင် အဖွဲ့များဖြင့် ပူးပေါင်းထားသည့် ပြည်ထောင်စု နိုင်ငံရေး တွေ့ဆုံညှိနှိုင်းရေး ကော်မတီ FPNCC ၏ အဖွဲ့ဝင်များဖြစ်သည်။

မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိ နှိုင်းရေးကော်မတီ FPNCC အဖွဲ့တွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO၊ ရှမ်းပြည်တိုးတက်ရေး ပါတီ SSPP၊ မြန်မာနိုင်ငံ အမှန်တရားနှင့် မျှတမှု အမျိုးသားပါတီ MNDAA၊ ရက္ခိုင့်အမျိုးသား အဖွဲ့ချုပ် ULA၊ ပလောင် ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF၊ ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ ၄ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေး ကော်မတီ (မိုင်းလား) NDAA “ဝ” ပြည်သွေးစည်းညီညွှတ်ရေးပါတီ UWSP တို့ပါဝင်သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...