မွန်ညီညွတ်ရေးပါတီမှ CEC အပါအဝင် ဗဟိုကော်မတီဝင်ငါးဦးနှင့် ပါတီဝင်အချို့ တစ်ပြိုင်တည်းနုတ်ထွက်

မွန်ညီညွတ်ရေးပါတီမှ CEC အပါအဝင် ဗဟိုကော်မတီဝင်ငါးဦးနှင့် ပါတီဝင်အချို့ တစ်ပြိုင်တည်းနုတ်ထွက်
by -
စိုင်းထွန်းစံ (MNA)

မွန်ညီညွတ်ရေးပါတီ MUP ဗဟိုအလုပ်အမှုဆောင် CEC အပါအဝင် ဗဟိုကော်မတီငါးဦးနှင့် မြို့နယ်အဆင့်ပါတီဝင်အချို့ ယမန်နေ့က တစ်ပြိုင်တည်း နုတ်ထွက်စာတင်ထားကြောင်း သိရသည်။

မွန်ညီညွတ်ရေးပါတီမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်ထွန်းဖေ (ဘားအံ)၊ နိုင်ထောရော့ (ပေါင်)၊ မိကျဲကျဲညီ (ပေါင်)၊ ဗဟိုကော်မတီဝင်များဖြစ်ကြသော နိုင်ချစ်သိန်း (ဘားအံ) နှင့် မိစန္ဒာမွန် (မုဒုံ) တို့နုတ်ထွက်ထားကြောင်း လူမှုကွန်ရက်တွင် ၎င်းတို့ဖြန့်ဝေထားသော မိတ္တူစာများအရ သိရသည်။

လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် အဖွဲ့ဝင်အဖြစ် မွန်ညီညွတ်ရေးပါတီ MUP ဗဟိုအလုပ်အမှုဆောင် ဒေါက်တာဗညားအောင်မိုးနှင့် မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်အဖြစ် MUP တွဲဖက်အတွင်းရေးမှူး (၁) နိုလယိတမတို့က ပါတီ၏တာဝန်ပေးအပ်ချက်အရ ပါဝင်နေခြင်းဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းစစ်အစိုးရဖွဲ့စည်းထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် မွန်ညီညွတ်ရေးပါတီက အဖွဲ့ဝင်အဖြစ်ပါဝင်ရန် ဆုံးဖြတ်လိုက်ပြီးနောက် ပါတီမူဝါဒလမ်းစဉ်များအား သွေဖီနေသည်ဟုဆိုကာ နုတ်ထွက်စာတင်လိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့၏နုတ်ထွက်စာအချို့တွင် ရေးသားဖော်ပြသည်။

ထို့အတူ ပြီးခဲ့သည့် မွန်ပြည်နယ်လွှတ်တော် ဒု-ဥက္ကဌဟောင်း ဒေါက်တာအောင်နိုင်ဦးက ဖေဖော်ဝါရီ ၂၂ ရက်က MUP ဗဟိုအလုပ်အမှုဆောင်အဖြစ်မှ နုတ်ထွက်စာတင်ခဲ့ပြီးနောက် ချောင်းဆုံမြို့နယ် MUP အဖွဲ့ဝင်အဖြစ်သာ ဆက်လက်ပါဝင်လျက်ရှိကြောင်း သိရသည်။

လက်ရှိ မွန်ညီညွတ်ရေးပါတီတွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၆၁ ဦး၊ ဗဟိုကော်မတီဝင် ၁၄၀ ဖြင့်ဖွဲ့စည်းထားပြီး ဥက္ကဌမှာ မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဟောင်း နိုင်တင်အောင်ဖြစ်သည်။

မွန်အမျိုးသားပါတီ MNP, မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP, မွန်ကိုယ်စားပြုပါတီတည်ထောင်လိုသူများအဖွဲ့နှင့် အရပ်ဖက်မွန်လူထုအခြေပြုအဖွဲ့အစည်းများမှ ခေါင်းဆောင်အချို့တို့ပေါင်းစည်း၍ မွန်ညီညွတ်ရေးပါတီအဖြစ် ၂၀၁၉ ခုနှစ်တွင် အသစ်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...