ရန်ကုန်မှ နယ်မြို့များသို့ပြန်သည့် ခရီးသည်ကားများကို အာဏာသိမ်းစစ်ကောင်စီ၏တပ်များက စစ်ဆေးမှုများပြုလုပ်နေကြောင်း ခရီးသည်များကပြောသည်။
ရန်ကုန်မှ တောင်ကြီး၊ ရန်ကုန်မှ လွိုင်ကော်၊ ရန်ကုန်မှ မြစ်ကြီးနားအပြင် အခြားမြို့နယ်များသို့ ပြန်လာသည့် ခရီးသည်တင် လေအိတ်ကားများကို ရန်ကုန်အထွက်တွင် စစ်ဆေးမှုများပြုလုပ်နေသည်ဟု ခရီးသွားပြည်သူများက ပြောသည်။
“ရန်ကုန်ကားကြီးကွင်းဂိတ်မှာ စစ်တယ်။ အိတ်တွေကို စစ်တယ်။ မှတ်ပုံတင် စစ်တယ်။ ရဲတွေက စစ်တယ်။ ဖြူးအထွက်မှာလား အဲ့ဒီနေရာမှာလည်း ထပ်ပြီးစစ်တယ်။ အဲ့ဒီဂိတ်မှာတော့ စစ်သားတွေက စစ်တယ်။ ပစ္စည်းတွေ စစ်တယ်။ ကားပေါ်တက်ပြီး စစ်တယ်။ နောက်ထပ်တစ်နေရာ ထပ်စစ်သေးတယ်။ ပစ္စည်းတွေ စစ်တယ်။ အမြန်လမ်းပေါ်မှာပဲစစ်တာ။ အိမ်စီးကားတွေကိုလည်း အသားကုန်စစ်တယ်။ အားလုံးရပ် တစ်စီးပြီးတစ်စီး စစ်တယ်” ဟု ရန်ကုန်မှ တောင်ကြီးသို့သွားသည့် ခရီးသည်တစ်ဦးက ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့အတွင်း မြို့နယ်များအလိုက် အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်နှင့်ရဲများက ဆန္ဒပြပြည်သူများကို အကြမ်းဖက်ဖြိုခွဲမှုများ၊ ဝင်ရောက်ပစ်ခတ်ခြင်း၊ ပစ်သတ်ခြင်းများ၊ ဖမ်းဆီးခြင်းများ၊ ခြောက်လန့်ခြင်းများ ဆက်တိုက်ပြုလုပ်လာသည့်အတွက် ရန်ကုန်တွင် မနေရဲကြသည့် ပြည်သူအချို့က နယ်မြို့များသို့ ထွက်ခွာနေကြခြင်း ဖြစ်သည်။
အမြန်လမ်းတစ်လျှောက် စစ်သားများ၊ ရဲများက ခရီးသည်ယာဉ်များကို တားဆီးကာ စစ်ဆေးမှုများကို မတ်လ ဒုတိယအပတ်ခန့်ကစတင်၍ စစ်ဆေးမှုများ ပြုလုပ်လာခြင်းဖြစ်သည်ဟုလည်း ခရီးသည်များက ပြောသည်။
မန္တလေးမှ လွိုင်ကော်ခရီးစဉ်တစ်လျှောက်တွင်လည်း ယခင်က စစ်ဆေးမှုများမရှိခဲ့သော်လည်း ယခုခါ စစ်ဆေးမှုများ ရှိလာနေသည်ဟု ခရီးသည်များက ပြောသည်။
မန္တလေးမှ ပြင်ဦးလွင်သို့သွားသည့် လမ်းတွင်လည်း မှတ်ပုံတင်စစ်ဆေးခြင်း၊ ဖုန်းစစ်ဆေးခြင်းများ လုပ်ဆောင်နေသည်ဟု ခရီးသွားများက ပြောသည်။
“မန္တလေးအထွက်မှာ စစ်တာတော့မဟုတ်ဘူး။ သူက တစ်ရက်နဲ့တစ်ရက် နေရာမတူဘူး။ စစ်ချင်တဲ့အချိန်စစ်တာ။ သူက မှတ်ပုံတင်စစ်တယ်။ ဖုန်းတွေလည်းစစ်တယ်။ စစ်သားတွေကပဲစစ်တာ။ တချို့ကလည်း ပြောတာက ဖုန်းနဲ့တိုက်ပြီး စစ်တယ်လို့ပြောတယ်” ဟု ခရီးသွားတစ်ဦးက ပြောသည်။
မြစ်ကြီးနားမြို့မှ မန္တလေးသို့သွားသည့် ခရီးသည်တစ်ဦးကလည်း “ကျနော်တို့က ကားစင်းလုံးငှားပြီးလာတာပါ။ ကျနော်တို့ကားကိုတော့ ဒီအတိုင်းပဲစစ်တယ်။ ဘယ်သွားမှာလဲပေါ့ ကျနော်တို့က မန္တလေးမှာ ဆေးရုံပြရမယ်၊ ဆေးစာရွက်ပြတော့ သွားခိုင်းတယ်။ မြစ်ကြီးနား မန္တလေးကြားမှာတော့ ဂိတ်သုံးဂိတ်ရှိတယ် အဲ့ဒီမှာ စစ်တာပေါ့နော်။ Express ကားကြီးတွေဆို အကုန်စစ်တယ်။ မှတ်ပုံတင်နဲ့ တိုက်ပြီးစစ်တယ်။ ဘာရှာတာလည်းတော့ မသိဘူးနော်။ စစ်တာတော့ အရမ်းစစ်တယ်။ တချို့ဆို ကားတွေ လမ်းဘေးမှာ ရပ်ခိုင်းထားတယ်။ ဒီအချိန်ကတော့ ခရီးမသွားတာကောင်းပါတယ်” ဟု ပြောသည်။
မြစ်ကြီးနား-ဗန်းမော်-လွယ်ဂျယ် လမ်းတစ်လျှောက်တွင်လည်း အစစ်အဆေးများတိုးချဲ့ထားသည်ဟု ခရီးသွားများကပြောသည်။
စစ်တပ်က အာဏာမသိမ်းခင် COVID-19 ကပ်ရောဂါကြောင့် ခရီးသည်ပို့ဆောင်ရေး လေကြောင်း၊ ကားလမ်းများ၊ မီးရထားများကို ပိတ်ထားခဲ့ခြင်းဖြစ်သည်။
ထို့နောက် စစ်တပ်ကအာဏာသိမ်းပြီးနောက် မီးရထားများ ခရီးသည်သယ်ယူပို့ဆောင်ခြင်းနှင့် လေကြောင်းလိုင်းများမှာ ယခင်အတိုင်း ပြေးဆွဲနိုင်ခြင်းမရှိသော်လည်း ကားလမ်းများ ပြန်ဖွင့်ပေးခဲ့သည့်အတွက် အဝေးပြေး မော်တော်ယာဉ်သယ်ယူပို့ဆောင်သည့် လေအိတ်ကားခရီးစဉ်များမှာ ပြန်လည်ပြေးဆွဲနေသည်။