ကချင်ပြည်နယ် မြို့နယ်နှစ်ခုမှ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူ ငါးဦး ဖမ်းဆီးခံရ

ကချင်ပြည်နယ် မြို့နယ်နှစ်ခုမှ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူ ငါးဦး ဖမ်းဆီးခံရ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နှင့် ဖားကန့်မြို့နယ်ထဲက စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူ ငါးဦးကို အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်း မိသားစုဝင်များက ပြောသည်။

မတ် ၂၄ ရက် ညနေ ၄ နာရီခွဲအချိန်ခန့်တွင် ဖားကန့်မြို့၊ လုံးခင်းကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာယာကျေးရွာမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် အမျိုးသားနှစ်ဦးကို စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည် မိသားစုဝင်များက ပြောသည်။

ဖမ်းဆီးခံရသူ ကိုမျိုး၏ဇနီးဖြစ်သူ ဒေါ်ခင်စန်းတင့်က “ဟုတ်တယ် ကျမအမျိုးသားကို ဖမ်းသွားတယ်။ အခု ညနေ လေးနာရီခွဲလောက်မှာ တပ်မ ၃၃ နဲ့ ဖားကန့်ကရဲတွေနဲ့ လာပြီးမှ ဝှိုက်ပြီးမှ ဖမ်းသွားတာပါရှင့်။ ဘာကြောင့်ဖမ်းတယ်ဆိုတာလည်း ဘာမှမပြောပဲ လက်ထိပ်ခတ်ပြီး ဖမ်းပြီးခေါ်သွားတာပါ။ အခုထိ ဘာအဆက်အသွယ်မှလည်းမရသေးဘူး။ ဘာကြောင့်ဖမ်းတယ်ဆိုတာလည်း ဘာမှမပြောသွားဘူး။ သူတို့က ဇွတ်ကြီး လက်ထိပ်ခတ်ပြီးခေါ်သွားတာ။ ကားခြောက်စီးနဲ့ လူဦးရေက အနည်းဆုံး ၅၀ ကျော်ပဲရှိတယ်” ဟုပြောသည်။

ဖမ်းဆီးခံရသူနှစ်ဦးမှာ လုံးခင်းကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာယာကျေးရွာတွင်နေထိုင်သူ ကိုကျော်မျိုးဦး (ခ) ကိုမျိုးနှင့် ဦးမောင်ဌေးတို့ဖြစ်ကြသည်။

၎င်းတို့နှစ်ဦးကို ဖားကန့်မြို့ရှိ ဗျူဟာကုန်းကို ခေါ်ဆောင်သွားသည်ဟု ဒေါ်ခင်စခန်းတင့်က ဆက်လက်ပြောသည်။

“ကျွန်မအမျိုးသားကတော့ ဘာမှမလုပ်ဘူး။ အိမ်မှာနေတာ်။ ကျောက်ရေမဆေးပဲရှာတာပါ။ ကျမအထင်တော့ ဆန္ဒပြလို့ ဖမ်းတယ်ထင်တာပဲ။ NLD ပါတီဝင်ဆိုတာလည်း ဟုတ်ပါတယ်။ မှန်ပါတယ်။ ကျမတို့ကတော့ ဒီလိုဖမ်းတာရှိပြီဆိုတာနဲ့ ဆန္ဒပြတဲ့လူတွေအကုန်လုံးကို လိုက်ဖမ်းတော့မှာဖြစ်တဲ့အတွက် ဒီတိုက်ပွဲမအောင်မချင်း ဆက်တိုက်သွားရမှာပဲရှင့်။ သူတို့ပြောတော့ ဖားကန့်ဗျူဟာကုန်းကို ခေါ်သွားတယ်လို့တော့ ကြားတယ်။ ကျမတို့ကတော့ မတရားသဖြင့် သူများအိမ်ထဲ နိုင်ထက်စီးနင်းလုပ်တဲ့အတွက်ကြောင့် ကျမတို့က တရားမျှတမှုရအောင်တော့ ဆက်ပြီးတောင်းဆိုသွားပါ့မယ်ရှင့်” ဟု သူမကပြောသည်။

ထို့ပြင် ဗန်းမော်မြို့တွင်လည်း ယနေ့နံနက်ပိုင်း အာရုဏ်ဦးသပိတ်တွင် မင်းအောင်လှိုင်အသုဘဖိတ်စာဝေသည့် နည်းပညာတက္ကသိုလ်ကျောင်းသာ ၃ ဦး စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များက ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ ဖိတ်စာဝေသူ ကျောင်းသား ၇ ဦးရှိသည့်အနက် ၎င်းတို့အထဲမှ မောင်စိုင်းလင်းထက်ကျော်၊ မောင်သိန်းငွေနှင့် မောင်နန်ဂျာရော်တို့ကို အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

ဖားကန့်၊ လုံးခင်းက ဖမ်းဆီးခံရသူနှစ်ဦးကို ဖမ်းဆီးသွားသည့် စစ်သားများမှာ တပ်မ ၃၃ ဘက်တံဆိပ်များ ဝတ်ဆင်ထားသည့် စစ်သားများ ဖြစ်ပြီး စစ်သားနှင့်ရဲတပ်ဖွဲ့ဝင် အယောက် ၅၀ ခန့်က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။

မည်သည့်အကြောင်းအရာကြောင့် ဖမ်းဆီးသွားသည်ကို တိတိ မသိရသေးဘူးဟုလည်း မိသားစုဝင်များက ဆိုသည်။

ဖားကန့်မြို့နယ်အတွင်း စစ်တပ်က အာဏာသိမ်းပြီးနောက် မတ်လ (ယခုလ) အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်သူ ဒေသခံပြည်သူ ရှစ်ဦး ဖမ်းဆီးခံထားရသည်ဟု သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...