ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၃ ဧရိယာဖြစ်သော ညောင်လေးပင်ခရိုင်ဖက်သို့ အာဏာသိမ်းစစ်ကောင်စီက စစ်အင်အားနှင့် ရိက္ခာဖြည့်တင်းမှုများ ပြုလုပ်နေ

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၃ ဧရိယာဖြစ်သော ညောင်လေးပင်ခရိုင်ဖက်သို့ အာဏာသိမ်းစစ်ကောင်စီက စစ်အင်အားနှင့် ရိက္ခာဖြည့်တင်းမှုများ ပြုလုပ်နေ

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၃ ဧရိယာဖြစ်သော ညောင်လေးပင်ခရိုင်ဖက်တွင် စစ်ရေးတင်းမာမှုများရှိနေပြီး ၎င်းဒေသသို့ အာဏာသိမ်းစစ်ကောင်စီက စစ်အင်အားနှင့် ရိက္ခာဖြည့်တင်းမှုများ ပြုလုပ်နေကြောင်း ညောင်လေးပင်ခရိုင် ကရင့်လူမှု့ရေးရာအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုအနေအထားများကြောင့် အဆိုပါဒေသတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားရန်ရှိနေသည်ဟု ညောင်လေးပင်ခရိုင် ကရင့်လူမှု့ရေးရာအဖွဲ့မှ စောစိပတြော်က ပြောသည်။

၎င်းက “အခြေအနေကတော့ ဘယ်လိုပြောရမလဲဆိုတော့ သူတို့အင်အားတွေဖြည့်မယ် ဆက်တက်မယ်ဆိုရင်တော့ တိုက်ပွဲတွေ အမြဲတမ်းဖြစ်နေမှာပဲ KNU ထိန်းချုပ်တဲ့ဖက်ကိုရောက်ရင်တော့ တိုက်ပွဲကတော့ ဖြစ်မှာပဲ” ဟု ပြောသည်။

အာဏာသိမ်းစစ်ကောင်စီ၏ စစ်အင်အားနှင့် ရိက္ခာသယ်ပို့သည့် စစ်ကား ၁၆ စီး လက်ရှိ စစ်ရေးတင်းမာနေသည့် KNU တပ်မဟာ ၃ ညောင်လေးပင်ခရိုင်ဖက်သို့ မတ် ၂၃ ရက်က တက်သွားကြောင်း ညောင်လေးပင်ခရိုင် ကရင့်လူမှု့ရေးရာအဖွဲ့မှ တာဝန်ရှိသူ စောစိပတြော်က ဆက်လက်ပြောသည်။

“ပြီးခဲ့တဲ့ နေ့က စစ်ကား ၁၆ စီး တက်သွားတယ်။ ကိုးစီးက ရိက္ခာသယ်သွားတယ်။ ခါလီက ငါးစီး ကျောက်ကြီးဖက်တက်သွားတယ်လို့ သိရတယ်။ စောမီလူတို့ ကျောက်ကြီး မူသယ်ကားလမ်းတို့ ဟိုအရင်က စစ်ရေးတင်းမာမှု ပစ်ခတ်မှုဖြစ်ခဲ့တဲ့ အဲဒီလမ်းဖက်ပေါ့ ခဲဒဲတို့ အဲဒီဖက်ကနေ ရိက္ခာပို့တာတို့ရှိတာ သိရတယ်။ သူတို့က ကျောက်ကြီးမြို့ တပ်ရင်း ၆၀ ကနေပြီးတော့ ညပိုင်းမှာ သူတို့ ဆက်ပြီးတော့ ရိက္ခာပို့တာပေါ့” ဟု စောစိပတြော်က ပြောသည်။

မတ် ၂၂ ရက်ကလည်း အာဏာသိမ်းစစ်ကောင်စီ၏ ရိက္ခာပို့ဆောင်ပေးသည့် ကားနှစ်စီး မြေမြုပ်မိုင်းထိမှန်သည့်ဖြစ်စဉ်များ ရှိခဲ့သည်ဟု ဒေသခံများ၏ပြောဆိုမှုကို ကိုးကား၍ ညောင်လေးပင်ခရိုင် ကရင်လူမှုရေးရာ တာဝန်ရှိသူကဆိုသည်။

စောစိပတြော်က “ဟိုတစ်နေ့ကလည်း ၂၂ ရက်က တက်သွားတဲ့ကားနှစ်စီး မြေမြုပ်မိုင်းထိသွားတယ်လို့ ကြားတယ်။ အဲဒါက သူတို့တက်တဲ့ စောမီလူ ကျောက်ကြီး ခဲဒဲလမ်းပေါ့ လမ်းတစ်ဝက်မှာ စောမီလူ အထက်ဖက်ပေါ့နော အဲလိုကြားတယ်။ သူတို့တပ်အင်အားဖြည့်တာတို့ စစ်ရေးလှုပ်ရှားမှုတို့ကရှိနေတယ်။ ထိခိုက်ဒါကတော့ ရှိတယ်လို့ကြားတယ်။ သူတို့ လူနာတွေ သယ်လာတာရှိတယ်လို့ ပြောကြတယ်။ သေတဲ့လူတွေလည်း ကြားတယ်။ ဘယ်နှစ်ယောက်သေတယ်။ ဘယ်နှစ်ယောက် ထိခိုက်ဒဏ်ရာရသလဲဆိုတာ သေသေချာချာတော့ မသိရဘူး” ဟုပြောသည်။

မတ် ၂၃ ရက်က KNU မှ ညောင်လေးပင်ခရိုင်အတွင်းရှိ အာဏာသိမ်းစစ်ကောင်စီ၏ တပ်အင်အားတိုးချဲ့များနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်ထဲတွင် အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံတပ်များသည် နတ်သံကွင်းမှ သံဘိုရှိ ခလရ (၆၀) တပ်ရင်းသို့ စစ်ကား (၁၆) စီးဖြင့် ဆန်၊ ဘိလပ်မြေ၊ မုန့်ပုံးနှင့် ပီပါပုံးများ ပို့ဆောင်လျက်ရှိသည့်အပြင် ကျောက်ကြီးမြို့ရှိ ဆိပ်ကြီးနှင့် မာလာဦး စစ်ဆေးရေးဂိတ်များတွင်လည်း လူအင်အားများ ဖြည့်ဆည်းလျက်ရှိသည်ကို တွေ့ရသည်ဟုဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး KNU သည် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းဖြစ်ပြီး NCA လက်မှတ်ရေးထိုးထားသည့်ကာလတွင်ပင် လက်ရှိ အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

လက်ရှိတွင်လည်း KNU နှင့် အာဏာသိမ်းစစ်ကောင်စီတို့အကြား နှစ်ဖက်စစ်ရေးတင်းမာမှုများမှာ ယခင်ကထက် ပိုမိုတင်းမာလျက်ရှိပြီး တိုက်ပွဲများလည်း ပြင်းထန်စွာဖြစ်ပွားနေသည်ဟု သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...