တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအားလုံးကို အကြမ်းဖက်အဖွဲ့အစည်းနှင့် မတရားအသင်းမှ ပယ်ဖျက်ကြောင်း CRPH ကြေညာ

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအားလုံးကို အကြမ်းဖက်အဖွဲ့အစည်းနှင့် မတရားအသင်းမှ ပယ်ဖျက်ကြောင်း CRPH ကြေညာ

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအားလုံးကို အကြမ်းဖက်အဖွဲ့အစည်းနှင့် မတရားအသင်းမှ ပယ်ဖျက်ကြောင်း ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ထုတ်ပြန်ကြေညာလိုက်သည်။

မတ်လ ၁၇ ရက် (ယနေ့) တွင် CRPH က ထုတ်ပြန်ကြေညာခဲ့ပြီး ၎င်းတို့၏ ထုတ်ပြန်ချက်ထဲတွင် “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း၌ အကြမ်းဖက်အဖွဲ့အဖြစ်သော်လည်းကောင်း၊ မတရားအသင်းအဖြစ်သော်လည်းကောင်း ကြေညာခံထားရသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးအတွက် တိုက်ပွဲဝင်နေကြသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများအားလုံးကို အကြမ်းဖက်အဖွဲ့အဖြစ်မှဖြစ်စေ၊ မတရားအသင်းမှဖြစ်စေ ပယ်ဖျက်ကြောင်း ကြေညာလိုက်သည်” ဟု ပါရှိသည်။

ထို့အပြင် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုက်ပွဲဝင်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို မတရားအသင်း ၁၇/၁ ဖြင့် ဖမ်းဆီးအရေးယူမှုကို ရှုတ်ချကြောင်း CRPH က ဆိုသည်။

CRPH က “အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုက်ပွဲဝင်နိုင်ရန် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်သောကြောင့် ပုဒ်မ ၁၇ (၁) ဖြင့် ဖမ်းဆီးအရေးယူမှုအားလုံးသည် တရားဝင်မှုမရှိကြောင်းနှင့် ၎င်းဖမ်းဆီးအရေးယူမှုအားလုံးကို ရှုံ့ချကြောင်း ကြေညာလိုက်သည်” ဟု ပြောသည်။

CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် ခိုင်မာသော သန္နိဋ္ဌာန်ချမှတ်ကာ ညီရင်းအစ်ကို၊ မောင်ရင်းနှစ်မစိတ်ထားများဖြင့် အတူတကွ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများအားလုံးကို လေးနက်စွာ မှတ်တမ်းတင်ဂုဏ်ပြုပါသည်ဟု ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထားသည်။

ထို့အပြင် တရားမဝင် အာဏာသိမ်းစစ်ကောင်စီ၏ မတရားသောအမိန့်အာဏာများကို ဖီဆန်သည့် ပြည်သူ့လှုပ်ရှားမှု (Civil Disobedience Movement) တွင် ပါဝင်သော နိုင်ငံ့ဝန်ထမ်းများ၊ အကြမ်းဖက်စစ်ကောင်စီ၏ မတရားမှုများ၊ အကြမ်းဖက်မှုများကို ဆန့်ကျင်တိုက်ပွဲဝင်နေကြသော ပြည်သူများကို စောင့်ရှောက်ကာကွယ်မှုများ ဆောင်ရွက်ပေးနေကြသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများအားလုံးကို အထူးကျေးဇူးတင်ရှိပါသည် CRPH က ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မတ် ၅ ရက်တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH သည် နိုင်ငံရေးရည်မှန်းချက်များဖြစ်သော စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ သမ္မတကြီးဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံရသူများအားလုံး လွတ်မြောက်ရေး၊ ဒီမိုကရေစီရရှိရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ဖွဲ့စည်းပုံခြေခံဥပဒေပေါ်ပေါက်ရေးတို့ကို လုပ်ဆောင်သွားမည်ဟု ၎င်းတို့၏ နိုင်ငံရေးရည်မှန်းချက်ကို ထုတ်ပြန်ကြေညာထားသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...