ရခိုင်ပြည်နယ်၏ မြို့တော်ဖြစ်သော စစ်တွေမြို့၊ ပြည်သူ့ဆေးရုံးကြီးတွင် တာဝန်ထမ်းဆောင်နေသော ဆရာဝန် ၂၀ ကျော်ခန့် အလုပ်အဆင်းသဖြင့် လူနာများမှာ ဆေးကုသရန် အခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။
အလုပ်မဆင်းသော ဆရာဝန်များမှာ ခွဲစိပ်လက်ထောက်ဆရာဝန် (၁) ဦး၊ သားဖွားမီးယပ်လက်ထောက်ဆရာဝန်တစ်ဦး၊ အထူးကုသမားတော်ကြီးတစ်ဦး၊ မျက်စိလက်ထောက်ဆရာဝန် တစ်ဦး၊ ဓာတ်မှန်လက်ထောက်ဆရာဝန် တစ်ဦး၊ စိတ်အထူးကုဆရာဝန် တစ်ဦး၊ အရေပြားအထူးကုဆရာဝန် တစ်ဦး၊ သွားအထူးကုဆရာဝန် တစ်ဦး၊ အရိုးအထူးကု ဆရာဝန်နှစ်ဦး အပါအဝင် လက်ထောက်ဆရာဝန် ၂၀ ကျော်ခန့် အလုပ်အဆင်းကြကြောင်း အမည်မဖော်လိုသော ဆေးရုံဝန်ထမ်းတစ်ဦး ကပြောသည်။
၄င်းတို့အထဲမှ စိတ်ကျန်းမာရေးလူနာများ၊ အရေပြားအထူးကုလူနာများနှင့် အရိုးအထူးကုလူနာများအတွက် အစားထိုးကုသရန် ဆရာဝန်များမရှိတော့သဖြင့် ၄င်းလူနာများမှာ ပိုမိုအခက်အခဲဖြစ်နေကြောင်း သူကဆက်ပြောသည်။
“ခွဲစိပ်လူနာတွေအတွက်တော့ သိပ်အရေးအကြီးဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဒီမှာခွဲစိပ်ဆရာဝန် ၂ ယောက်ရှိသေးတယ်။ သူတို့အတွက်ကျတော့ သိပ်ပြဿနာမရှိဘူး။ ဆရာဝန်လုံးဝမရှိတာကတော့ အရိုး၊ အရေပြား၊ စိတ် အဲဒီလူနာတွေအတွက်တော့ ဆေးရုံမှာ ဆရာဝန် လုံးဝမရှိဘူး။ ဒါပေမဲ့ လောလောဆယ်မှာတော့ အရိုးလူနာတွေကို ခွဲစိပ်ဆရာဝန်တွေက ကုသပေးနေရတယ်။ တခြား အရေပြားနဲ့ စိတ်ကျန်းမာရေးလူနာတွေကိုတော့ ဘယ်လိုကုသနေလဲ မသိဘူး” ဟု ၎င်းကပြောသည်။
အရိုးဆောင်တွင် ဆေးကုသမှုခံယူနေခဲ့သော ပေါင်ရိုးကျိုးလူနာတစ်ဦးမှာလည်း ဆရာဝန်များမရှိတော့သဖြင့် ဆေးရုံမှဆင်းပြီး တိုင်းရင်းဆေးဆရာများနှင့် ကုသနေရသည်ဟု ကာယကံရှင်က ပြောသည်။
“ဆရာဝန်တွေမရှိတော့ဘူးဆိုတော့။ ဆေးရုံမှာရှိတဲ့လူနာတွေက တော်တော့ကို အခက်အခဲကြုံနေရတယ်။ ပုဂ္ဂလိကဆေးရုံတွေမှာလည်း ငွေရေး၊ ကြေးရေး၊ ကုန်ကျမှုတွေများတဲ့အတွက် မကုသနိုင်လို့ ပြည့်သူဆေးရုံကိုလာတာ။ အခု ပုဂ္ဂလိကဆေးရုံတွေမှာလည်း မကုသနိုင်တဲ့အတွက် ရွာကိုသွားပြီးတော့ တိုင်းရင်းဆေးဆရာတွေနဲ့ ကုသနေရတယ်” ဟု ၎င်းကပြောသည်။