ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ ပုဂ္ဂလိကဘဏ်တချို့ အချိန်းပိုင်းဖြင့် ပြန်လည်ဖွင့်လှစ်နေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ တောင်ကြီးမြို့တွင် ဘဏ်တချို့သည် စစ်ကောင်စီ၏ ဖိအားပေးကြောင့် မတ် ၁၆ ရက် မနက်ပိုင်းမှစ၍ ပြန်လည်ဖွင့်လှစ်နေခြင်းဖြစ်ကြောင်း သိရသည်။
ပုဂ္ဂလိကဘဏ်များ ပြန်လည်မဖွင့်လှစ်ပါက ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ ငွေလွှဲပြောင်းပေးနိုင်ရန်နှင့် ပုဂ္ဂလိကဘဏ်များ မဖြစ်မနေ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရန် စစ်ကောင်စီက မတ် ၉ ရက်နေ့စွဲဖြင့် ဘဏ်များကို စာပေးပို့ခဲ့သည်။
ထို့ကြောင့် ယနေ့ တောင်ကြီး ကမ္ဘောဇဘဏ်သည် ယမတ် ၁၆ ရက်မှစတင်ကာ မနက် ၉ နာရီမှ မွန်းတည့်ချိန် ၁၂ နာရီထိ ဘဏ်ကို ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
“မနက်ပိုင်းပဲဖွင့်တယ်။ တယောက်ကို ဒီနေ့ ငါးသိန်းကျပ်တော့ ထုတ်ပေးတယ်။ ငွေလာထုတ်တဲ့သူတွေရှိတယ်။ ဘဏ်ဝန်ထမ်းကနည်းတယ်” ဟု ကမ္ဘောဇဘဏ်တွင် ငွေသွားထုတ်လာသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
မတ် ၁၇ ရက်မှစကာ တောင်ကြီးခရိုင်အတွင်းရှိ ဟဲဟိုး၊ အေးသာယာ၊ ရွှေညောင်၊ ညောင်ရွှေ၊ ဟိုပုံး၊ ကလော၊ အောင်ပန်းရှိ ကမ္ဘောဇဘဏ်ခွဲများ ဆက်လက်ဖွင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
“ဘဏ်မဖွင့်ရင် ဘဏ်စာရင်းတွေအားလုံး မြဝတီ၊ အင်းဝ၊ မြန်မာ့စီးပွားရေးဘဏ်တွေကို လွှဲပေးရမယ်၊ ဘဏ်လိုင်စင်ကို သိမ်းမယ်ဆိုတဲ့ ဖိအားကြောင့် ဖွင့်ရတာပါ။ စစ်ကောင်စီကလည်း နည်းမျိုးစုံခြိမ်းခြောက်နေပါတယ်။ CDM လုပ်တဲ့ဝန်ထမ်းတွေလည်းရှိပါတယ်။ မနက်ပိုင်းပဲဖွင့်မှာပါ” ဟု ကမ္ဘောဇဘဏ်ဝန်ထမ်းတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံ ဗဟိုဘဏ်တွင် တာဝန်ထမ်းဆောင်နေသည့် အရာရှိ၊ ဝန်ထမ်း ၂၁၂ ဦးသည် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်သဖြင့် စစ်အာဏာသိမ်းကောင်စီက တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ကြောင်း မတ် ၁၂ ရက်တွင် ကြေညာချက်ထုတ်ခဲ့သည်။