တောင်ကြီးမြို့ စစ်စံထွန်းဆေးရုံတွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပါဝင်သည့် ဝန်ထမ်းများ နေအိမ်လိုင်းခန်းမှ ဖယ်ရှားခံရကြောင်း သိရသည်။
စဝ်စံထွန်းဆေးရုံ ဝန်ထမ်းများ CDM ဆက်လုပ်မည်ဆိုပါက မတ် ၁၅ရက်အပြီး နေအိမ်လိုင်းခန်းမှ ဖယ်ရှားပေးရမည်ဆိုသည့် ဖိအားပေး အကြောင်းကြားစာကို မတ်၁၄ရက်တွင် လာရောက်ကပ်ထားခဲ့ခြင်းဖြစ် သည်ဟု ဆိုသည်။
CDM ဆက်လုပ်မည်ဆိုပါက အဆောင်တွင် ဖယ်ရှားပေးရန် ရဲ၊ စစ်ကားငါးစီးနှင့် လိုင်းခန်းအထိ လာကြေညာကြောင်း သိရသည်။
“ကျမတို့ကတော့ CDM ဆက်လုပ်သွားမယ်။ ဒါကြောင့် ဒီနေ့ အခန်းပြောင်းပါတယ်။ အခက်အခဲကတော့ရှိပါတယ်။ အပြောင်းအရွှေ့လုပ်ရတာဆိုတော့ ခက်ခဲတာရှိပါတယ်” ဟု စဝ်စံထွန်းဆေးရုံမှ ဝန်ထမ်းတစ်ဦးက ပြောသည်။
အလားတူ မတ် ၁၄ ရက်တွင်လည်း တောင်ကြီးမြို့ အမျိုးသမီးနှင့် ကလေး ဆေးရုံဝန်ထမ်းအိမ်ရာဝင်းတွင် နေထိုင်သည့် CDM လှုပ်ရှားမှု ပါဝင်သည့်ဝန်ထမ်းများ နေအိမ်လိုင်းခန်းမှ ဖယ်ရှားပေးခဲ့ရကြောင်း သိရသည်။
ထိုနည်းတူ သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်၊ မန်တုံ၊ လားရှိုး၊ သိန်နီ၊ တာမိုးညဲတွင်လည်း CDM လှုပ်ရှားသည့် ဝန်ထမ်းများ နေအိမ်လိုင်းခန်းမှ ဖယ်ရှားခဲ့ရသည်။
Published
Wednesday, March 17, 2021
တောင်ကြီး စဝ်စံထွန်းဆေးရုံမှ CDM ပါဝင်သည့်ဝန်ထမ်းများ လိုင်းခန်းမှ ဖယ်ရှားခံရ