ရန်ကုန်တိုင်း မြို့နယ်ခြောက်ခုကို စစ်အုပ်ချုပ်ရေးကြေညာ

ရန်ကုန်တိုင်း မြို့နယ်ခြောက်ခုကို စစ်အုပ်ချုပ်ရေးကြေညာ
by -
စိုင်းထွန်းစံ (MNA)

ရန်ကုန်တိုင်း မြို့နယ်ခြောက်ခုကို စစ်အုပ်ချုပ်ရေးကြေညာရန်ကုန်တိုင်းဒေသကြီးရှိ လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း နှင့်  မြောက်ဥက္ကလာပမြို့နယ်များကို အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကျင့်သုံးရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ-နစကမှ အမိန့်ထုတ်ပြန်ခဲ့သည်။

အဆိုပါ စစ်အုပ်ချုပ်ရေးအာဏာကို သက်ဆိုင်ရာတိုင်းမှူးကိုယ်တိုင်ဖြစ်စေ စစ်နယ်မြေမှူးများဖြစ်စေ တာဝန်လွှဲအပ်ပြီး ကျင့်သုံးနိုင်ကြောင်း ယင်းထုတ်ပြန် ချက်တွင် ဖော်ပြသည်။

အဆိုပါ စစ်အုပ်ချုပ်ရေး မကြေညာမီတွင် လှိုင်သာယာမြို့နယ် သပိတ်ကို စစ်သားများနှင့်ရဲများ အင်အားသုံး ပစ်ခတ်ဖြိုခွင်းခဲ့ရာတွင် အနည်းဆုံး လူ ၃၈ ထက်မနည်း သေဆုံးဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က သတင်းဖော်ပြသည်။

အဆိုပါဆန္ဒပြပွဲနှင့်ဆက်စပ်၍ လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်ရှိ တရုတ်ပိုင် ဂလိုဘယ်ဖက်ရှင် အထည်ချုပ်စက်ရုံနှင့် ရွှေနဂါး ဓာတ်မြေသြဇာ စက်ရုံတို့ကို သံတုတ်များ၊ ပုဆိန်များနှင့် ဓါတ်ဆီများ သယ်ဆောင်လာသော လူ ၂၀ ကျော်တို့က ဆိုင်ကယ်ဖြင့် လာရောက်ကာ လုံခြုံရေးများကို ရိုက်ပြီး စက်ရုံအဝင်ပေါက်များနှင့် ဂိုထောင်များကို မီးရှို့သည်ဟု တရုတ်သတင်း CGTN က ရေးသားသည်။

ယခု ဖျက်ဆီးလုယက်မီးရှို့ခံရသည့်လုပ်ရပ်သည် အခြေအနေအလွန်ပြင်းထန်ဆိုးဝါးလှပြီး မြန်မာအစိုးရဘက်မှ ထိရောက်သည့် အစီအမံဆောင်ရွက်၍ အကြမ်းဖက် လုပ်ရပ်အားလုံး ရပ်တန့်စေပြီး သက်ဆိုင်ရာကျူးလွန်သူအား ဥပဒေနှင့်အညီ စစ်ဆေးအပြစ်ပေးရန်၊ မြန်မာပြည်သူများကိုလည်း ဥပဒေနှင့်ညီညွတ်စွာ တောင်းဆိုချက်များကို ဖော်ထုတ်ရန် ရန်ကုန်မြို့ရှိ တရုပ်သံရုံးက သတိပေးထားသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မတ်လ ၁၄ ရက်နေ့ထိ မတရားအကြမ်းဖက် ဖြိုခွင်းခြင်းခံခဲ့ရ၍ ကျဆုံးသွားခဲ့သူ ၁၂၆ ဦးဖြစ်ပြီး လက်ရှိ အချိန်အထိ လူ ၁၈၃၇ ဦး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...