အဆိုတော် စောဖိုးခွားကို ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်ထား

အဆိုတော် စောဖိုးခွားကို ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်ထား
by -
စောထွန်းလင်း (KIC)

ဖေဖေါ်ဝါရီ ၁ ရက်တွင် စစ်တပ်က နိုင်ငံ့ခေါင်းဆောင်များကိုထိန်းသိမ်း၍ အာဏာသိမ်းချိန်တွင် အဖမ်းခံထားရသူ အဆိုတော် စောဖိုးခွားကို ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်ထားသည်ဟုသိထားကြောင်း မိသားစုဝင်တစ်ဦးက ကေအိုင်စီသို့ပြောသည်။

“သူ့ကို ပြီးခဲ့တဲ့ လ ၂၅ ရက်နေ့က အင်းစိန်ထောင်မှာ ထားတယ်လို့ ပြောတယ်။ ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲထားပြီး ချုပ်ရမန် နှစ်ပတ်ယူထားတယ်။ ထောင်ထဲမှာ ကောင်းကောင်းမွန်မွန်ရှိနေတယ်၊ သူ့ကို စိတ်မပူဖို့ ပြောတယ်။ ကျမတို့လည်း သူ့အတွက် လိုအပ်တဲ့ ပစ္စည်းတွေသွားပို့ပါတယ်” ဟု စောဖိုးခွား၏ဇနီးဖြစ်သူ နော်အက်စတာပန်းက ကေအိုင်စီသို့ မတ် ၉ ရက်တွင် ပြောသည်။

နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ  ၅၀၅ (ခ) ပြဌာန်းချက်မှာ “နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကိုဖြစ်စေ ထိခိုက်သည့်ပြစ်မှုကို တစ်ဦးတစ်ယောက်သောသူက ကျူးလွန်ချင်လာအောင် အများပြည်သူကိုသော်၎င်း၊ အများပြည်သူ၏ သီးခြားလူစုကိုသော်၎င်း ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခုဖြစ်စေရန် အကြံရှိလျှင်၊ သို့တည်းမဟုတ် ထိုသို့ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင်” နှစ်နှစ် အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြထားသည်။

“ပုဒ်မ ၅၀၅ (ခ) က ထောင်နှစ်နှစ်ထိ ချမှတ်လို့ရပေမဲ့ အများအားဖြင့် အဲ့လောက်ထိ ချလေ့တော့မရှိဘူး” ဟု တရားလွှတ်တော်ရှေ့နေ စောဂျက်ကော့ထူးက ကေအိုင်စီသို့ ပြောသည်။

မြန်မာနိုင်ငံ၏ Reggae အဆိုတော်ဟု နာမည်ကြီးသူ စောဖိုးခွားသည် Reggae တဦးကဲ့သို့ တမူထူးခြားစွာ နေထိုင် သူဖြစ်ပြီး သူသည် ၂၀၀၃ခုနှစ်တွင် “မေ့ဖို့ သိပ်ခက်နေလို့” ၂၀၁၂ခုနှစ်တွင် “ဖြေးဖြေး ယောက်ဖ” တေးစီးရီး ထို့နောက် ၂၀၁၄ တွင် “ကိုင်းကြီးကြီး သွားနား”၂၀၁၇ ခုနှစ်တွင် “ပလပ်ကျွတ်နေပြီ” စသည့် သီချင်းခွေ ငါးခွေကို ထုတ်ခဲ့သလို အခြားပညာပေး သီးချင်းများစွာ ကိုလည်း သီဆိုခဲ့သူဖြစ်သည်။

Reggae များသည် စီမ်း၊ ဝါ၊ နီ ကိုယ်စားပြု အရောင်းသုံးရောင်ဖြင့် နေထိုင်တက်သူများဖြစ်ကာ အစိမ်းရောင်သည် ထဝရရှင်သန်ခြင်း၊ အဝါ ရောင်သည် ရွှေရောင်အိမ်မက်ကိုပိုင်ဆိုင်ထားခြင်းနှင့် အနီရောင်သည် လွတ်လပ်သည့်သွေးဖြစ်သည်ဟု အဆိုတော်စောဖိုးခွားက ကေအိုင်စီသို့ ၂၀၂၀ ပြည့်နှစ်၊ မတ်လအတွင်းက ပြောဆိုဖူးသည်။

“ဆိုလိုချင်တာက သွေးဆိုတာ လူ့ခန္ဓာကိုယ်မှာ အရေးကြီးတယ်။ လူတစ်ယောက်ကို ထောင်ထဲထည့်ထားလို့ရတယ်။ ဒါပေမဲ့ ထောင်ထဲထည့်လိုက်လို့ သူ့ရဲ့လွတ်လပ်မှုက ပိတ်သွားပြီးလို့တော့ မထင်လိုက်နဲ့ ဘာဖြစ်လို့လည်းဆိုတော့ သူက အမြဲတမ်းလွတ်လပ်နေတဲ့ လူတစ်ယောက် ဖြစ်တယ်။ ဆိုလိုချင်တာက သွေးကို သွားချုပ်ထားလို့မရဘူးလေနော်။ သူတို့က ဒီသုံးခုနဲ့ အသက်ရှင်တယ်” ဟု စောဖိုးခွားက ကေအိုင်စီနှင့် သီးခြားအင်တာဗျူးတွင် ရှင်းပြဖူးသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...