ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့်လူငယ်များကို ရဲတပ်ဖွဲ့က ယခုရက်ပိုင်းအတွင်း အင်အားသုံး အကြမ်းဖက်ဖြိုခွင်းဖမ်းဆီးမှုများ ပိုမိုပြုလုပ်လာကြောင်း သိရသည်။
တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်း၊ ရွှေသူဌေးကုန်းရပ် ရဲဘော်စျေးအနီးတွင် မတ် ၉ ရက်က ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေကြသည့် လူငယ်များကို ရဲတပ်ဖွဲ့က မျက်ရည်ဗုံးများဖြင့် ဖြိုခွင်းခဲ့ပြီး လူငယ်နှစ်ဦးကို ရိုက်နက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း မျက်မြင်သက်သေတွေက ပြောသည်။
“ကျွန်မမျက်စိရှေ့မှာတင် ကလေးနှစ်ယောက်ကို ဂုတ်ကနေဆွဲပြီး ကန်နေတာတွေ့ရတယ်။ ကလေးတွေက ငယ်ငယ်လေးတွေ နောက်ပြီး သူ့ဖာသာသူ ဆိုင်ကယ်မောင်းလာတဲ့ ကောင်လေးကိုလဲ ဆိုင်ကယ်ရပ်ခိုင်းပြီး ဆွဲသွားတာ ဆိုင်ကယ်ကိုလဲ ရဲတွေယူသွားတယ်” ဟု ရဲဘော်စျေးအနီးတွင် စျေးရောင်းနေသူတစ်ဦးက ပြောသည်။
ထို့ပြင် ရဲတပ်ဖွဲ့တွေက ရာဘာကျည်နှင့်ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူများရှိခဲ့ပြီး လမ်းဘေးတွင်ရပ်ထားသော ဆိုင်ကယ်များ၊ ကားများကို ဖျက်ဆီးမှုများပြုလုပ်နေကြောင်း အနောက်မြို့ပတ်လမ်းတွင်နေသော ပြည်သူများထံမှ သိရသည်။
နေ့စဉ် တောင်ကြီးမြို့နယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် လူငယ်များသည် သပိတ်စစ်ကြောင်း ၅ ကြောင်းထွက်ကာ ပျောက်ကြားစနစ်နှင့် ဗျုဟာချ၍ အာဏာရှင်များကို ဆန္ဒပြနေကြသည်ကိုလည်း မြင်တွေ့လာရသည်။
တောင်ကြီးမြို့ဟာ တစ်ခြားမြို့တွေလို လူသေဆုံးမှု ယနေ့ထက်ထိမရှိသေးသော်ညလ်း ဖမ်းဆီးခံလူငယ်များနှင့် ဒဏ်ရာရလူငယ်များ နေ့စဉ် တိုးပွားလျက်ရှိကြောင်း သိရသည်။