ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် မတ် ၈ ရက် နံနက်ပိုင်း၌ ကရင်လူငယ်များက အထွေထွေသပိတ်ပြုလုပ်နေစဉ် ဝဲကြီးဝကျေးရွာ၌ ရဲများရောက်လာပြီး ပစ်ခတ်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည့်အတွက် ကိုးဦးအဖမ်းခံရကာ ဒဏ်ရာရသူများလည်းရှိကြောင်း ဒေသခံများက ကေအိုင်စီသို့ ပြောသည်။
“သပိတ်အဖွဲ့က ကားလမ်းမပေါ်မှာ ဆန္ဒပြနေတာတော့မဟုတ်ဘူး။ အိမ်မဲ ရွာသစ်နဲ့ ဝါးခယ်မဘက်သွားတဲ့ လမ်း ဘေးက ဝဲကြီးဝကျေးရွာလမ်းပေါ်မှာ လာဖြိုခွဲသွားတာ။ ဆန္ဒပြချီတက်နေချိန်မှာ ရှေ့က ရဲကားတစ်စီးနဲ့ အချုပ်ကားနဲ့ ရောက်လာပြီး၊ ရောက်ရောက်ခြင်း ကားပေါ်ကဆင်းပြီး ပစ်တာ။ အချိန်မှာ လူစုကွဲသွားပြီး ကရင်လူငယ် အမျိုးသားငါးဦး၊ အမျိုးသမီးလေးဦး အဖမ်းခံရတယ်” ဟု သပိတ်ဖြိုခွဲမှုကို တွေ့မြင်ရသူတဦးက ပြောသည်။
ထိုသို့ ဖမ်းဆီးသွားသည့် ကရင်လူငယ်ကိုဦးကို မြောင်မြနှင့် ပုသိမ် မည်သည့်မြို့သို့ ဖမ်းဆီးသွားသည်ကို မသိရှိရသေးသလို ရဲများက ရာဘာကျည်ဖြင့် ပစ်ခတ်သည်ဟုယူဆရပြီး ဒဏ်ရာရရှိသူဦးရေကိုလည်း မေးမြန်းနေဆဲဖြစ်သည်ဟု ဒေသခံ ကရင်လူငယ်များထံမှ သိရသည်။
အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် ဒေသခံစုစုပေါင်း အင်အား ၁၀၀ ကျော်နှင့် သပိတ်စစ်ကြောင်းနောက်တွင် ဆိုင်ကယ်များဖြင့် လိုက်ပါလာသူများလည်းရှိသည်ဟု သိရပြီး ဖြိုခွဲခံရချိန်တွင် ဆိုင်ကယ်များထားကာ ထွက်ပြေးသည့်အတွက် ကျန်ခဲ့သည့် ဆိုင်ကယ်များကိုလည်း ရဲများက သိမ်းယူသွားသည်ကို တွေ့ရသည်ဟု မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။
ဧရာဝတီ ကရင်လူငယ် အထွေထွေသပိတ်စစ်ကြောင်းသည် မတ် ၈ ရက်နေ့တွင် အိမ်မဲမြို့နှင့် ပန်းတနော်မြို့နယ်တို့တွင် အာဏာရှင်စနစ် ဖျက်သိမ်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေးနှင့် မတရားဖမ်းဆီးခံရသူများ လွတ်မြောက်ရေး စသည့် ကြွေးကြော်သံများကြွေးကြော်ကာ ချီတက်ဆန္ဒပြခဲ့ကြသည်။