၂၀၂၁ ခုနှစ် နှစ်လကျော်အတွင်း ရခိုင်ပြည်နယ်တွင် စစ်လက်နက်ကြွင်းကျန်ပစ္စည်းများကြောင့် ထိခိုက်ဒဏ်ရာရသူသုံးဦးနှင့် သေဆုံးသူ တစ်ဦး ရှိကြောင်း သိရသည်။
ရွေးကောက်ပွဲကာလအလွန် ရခိုင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ဒေသတည်ငြိမ်အေးချမ်းနေသော်လည်း မိုင်းနှင့် စစ်လက်နက် ကြွင်းကျန်ပစ္စည်းတချို့ကြောင့် အရပ်သားပြည်သူများ ထိခိုက်လျက်ရှိကြောင်း သိရသည်။
ဇန်နဝါရီ ၄ ရက်တွင် ကျောက်တော်မြို့နယ်၊ ခဘော်ကျေးရွာမှ အသက် (၅၃) နှစ်အရွယ် ဒေါ်ခင်မေစံလည်း မိုင်းနင်းမိခဲ့ပြီး စစ်တွေဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် ရက်အနည်းငယ်အကြာတွင် သေဆုံးသွားခဲ့ပြီး ဖေဖော်ဝါရီ ၁၇ ရက်တွင် အမ်းမြို့နယ်၊ သရက်ပင်ချောင်းကျေးရွာမှ ဦးမောင်သိန်းဌေး အသက် (၃၅) နှစ်မှာ မြေမြှုပ်မိုင်း နင်းမိမှုကြောင့် ခြေထောက်တစ်ချောင်း ဖြတ်လိုက်ရကြောင်းနှင့် မတ် ၄ ရက်ကလည်း ရသေ့တောင်မြို့နယ် ပဲသဒူကျေးရွာ၏ အရှေ့ဖက် တစ်မိုင်ခန့်အကွာတွင် ဗုံးသီးပေါက်ကွဲမှုကြောင့် ၁၀နှစ်အရွယ် ညီအစ်ကိုနှစ်ဦး ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ်များဖြစ်ပွားခဲ့သည်။
မတ် ၄ရက်က ဒဏ်ရာရရှိသွားသူနှစ်ဦးမှာ ပဲသဒူကျေးရွာမှ ဦးချမ်း၏သား မောင်လှထွန်း (၁၀) နှစ်နှင့် မောင်ရဲထွန်း (၈) နှစ်တို့ဖြစ်ကြသည်။
၄င်းတို့နှစ်ဦးထဲမှ အစ်ကိုဖြစ်သူ မောင်လှထွန်းမှာ ဒဏ်ရာမပြင်းထန်သော်လည်း မောင်ရဲထွန်းမှာ အသက် အန္တရာယ်စိုးရိမ်ရသည့်အတွက် ရသေ့တောင်ဆေးရုံမှတဆင့် စစ်တွေဆေးရုံသို့ ယင်းနေ့ ညနေက ရောက်ရှိလာခဲ့သည်။
ဒဏ်ရာရရှိသွားသော ကလေးငယ်တို့၏ ဦးလေးဖြစ်သူ ဦးမောင်ဝင်းရီက “အခုကတော့ နည်းနည်းသက် သာသွားပြီ။ အရည်တွေတော့ နည်းနည်းတိုက်လို့ရတယ်။ ဆရာဝန် ပြောတာကတော့ ပါးရိုးကျိုးသွားတယ်လို့ ပြောတယ်။ ရင်ဘတ်က ဒဏ်ရာတွေကတော့ စိုးရိမ်စရာ မလိုဘူးလို့ ပြောတယ်” ဟု ပြောသည်။
မောင်လှထွန်းမှာ ဒဏ်ရာမပြင်းထန်သည့်အတွက် ယမန်နေ့က ရသေ့တောင်ဆေးရုံမှ ထွက်ခွင့်ပြုလိုက်ပြီးဖြစ်ကြောင်း သိရသည်။
ဒဏ်ရာရရှိသွားသော ညီအစ်ကိုနှစ်ဦးသည် လက်ပံပွင့်ကောက်ဖို့သွားစဉ် ဗုံးသီးတစ်လုံးအား တွေ့ရှိပြီး လေးဂွဖြင့်ပစ်ကစားရာမှ ယခုလိုမျိုး ပေါက်ကွဲခြင်းဖြစ်သည်ဟု သူကဆက်ပြောသည်။
“သူတို့ ညီအစ်ကိုနှစ်ယောက် လက်ပံပွင့်တွေ သွားကောက်ကြတယ်။ အဲဒီနားမှာရှိတဲ့ ဗုံးသီးကို သူတို့က လေးဂွနဲ့ ပစ်ကြတာကနေပြီးတော့ ပေါက်ကွဲမှုဖြစ်တာ။ ပေါက်ကွဲသံကြားလို့ ကျွန်တော်တို့သွားကြည့်တဲ့အခါမှာ သူတို့ဒဏ်ရာရနေတာကို တွေ့ရတယ်” ဟုပြောသည်။