၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေးအပါအဝင် နိုင်ငံရေးရည်မှန်းချက် လေးချက်ကို ပြည်သူများနှင့်အတူ ရရှိအောင် ကြိုးစားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ထုတ်ပြန်ခဲ့သည်။
မတ် ၅ ရက် တွင် ထုတ်ပြန်ထားသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော် မတီ CRPH ၏ နိုင်ငံရေး ရည်မှန်းချက်ထဲတွင် “စစ်အာ ဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ သမ္မတကြီး ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံရသူအားလုံး လွတ်မြောက်ရေး၊ ဒီမိုကရေစီရရှိရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပေါ်ပေါက်ရေး” တို့ဖြစ်ကြောင်း ဖော်ပြထားသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် စစ်အာဏာရှင်စနစ်နှင့် စစ်အာဏာသိမ်းသံသရာချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အခြေခံသည့် နိုင်ငံတော်တည်ဆောက်နိုင်ရေးအတွက် အထက်ပါ နိုင်ငံရေးရည်မှန်းချက်များကို ချမှတ်လိုက်သည်ဟု ဆိုသည်။
ထို့အပြင် အဆိုပါ နိုင်ငံရေးရည်မှန်း ချက်များ အပြည့်အဝ အောင်မြင်စေရေးအတွက် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးနှင့် အတူ လက်တွဲကာ မမှိတ်မသုန် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လေးနက်စွာ ကတိသစ္စာပြုအပ်ပါသည်ဟု CRPH က ပြောသည်။
CRPH ၏ နိုင်ငံရေးရည်မှန်းချက် ထုတ်ပြန်ချက်ထဲတွင် နှစ်ပေါင်းများစွာကြုံတွေ့လာခဲ့ရသော နိုင်ငံရေးပြဿနာများ၊ တိုင်းရင်းသားဒေသများ တွင် ကျူးလွန်သော စစ်ရာဇဝတ်မှုများနှင့် လက်နက်မဲ့ အရပ်သားပြည်သူလူထုအပေါ် လူမဆန်စွာ ပစ်ခတ်သတ်ဖြတ်မှု၊ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ပြောင်ပြောင်တင်းတင်း တိုက်ခိုက်ဖျက်ဆီးမှုများအားလုံး၏ လက်သည်တရားခံမှာ စစ်တပ်က နိုင်ငံအား ဗိုလ်ကျစိုးမိုးလိုမှုနှင့် ယင်းအလိုဆန္ဒအား ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ကာကွယ်ထားမှုတို့ပင်ဖြစ်သည် ဖော်ပြထားသည်။
ထို့အပြင် စစ်တပ်သည် နိုင်ငံရေးတွင် ဦးဆောင်မှုအခန်းကဏ္ဍမှ အစဉ်တစိုက်ပါဝင်၍ ဗိုလ်ကျစိုးမိုးနိုင်ရေးအတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲအတည်ပြုခဲ့ကြောင်းနှင့် ၎င်းတို့၏ နိုင်ငံရေးအခန်းကဏ္ဍကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ကာကွယ်ထားသည့်တိုင် ကျေနပ်မှုမရှိဘဲ မိမိတို့ ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကိုပင် ပြန်လည်ချိုးဖောက်ကာ စစ်အာဏာသိမ်းမှုကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ထပ်မံလုပ်ဆောင်ခဲ့ပြီဖြစ်သည်ဟု CRPH ၏ နိုင်ငံရေးရည်မှန်းချက် ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများသည် စစ်အာဏာရှင်စနစ်အောက်တွင် ဆယ်စုနှစ်ပေါင်းများစွာ နေထိုင်ခဲ့ရကြောင်း၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို စစ်အာဏာရှင်များက လက်နက်အင်အားအသုံးပြု၍ သိမ်းယူခဲ့သည်ကို အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရပြီး ဖြစ်ကြောင်းနှင့် စစ်အာဏာရှင်အဆက်ဆက်၏ အာဏာအလွဲသုံးစားပြုမှု၊ ကိုယ်ကျိုးရှာမှု၊ နိုင်ငံချစ်စိတ်ကင်းမဲ့မှုတို့ကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာ့အလယ်တွင် ခေတ်နောက်ကျကျန်ရစ်သော နိုင်ငံတစ်ခုဖြစ်ခဲ့ရကြောင်း CRPH ၏ နိုင်ငံရေးရည်မှန်းချက် ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထားသည်။