မာဂရက် – ချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီတွင်အဖွဲ့ဝင်အဖြစ်ပါဝင်ရန် စစ်ကောင်စီ၏ ကမ်းလှမ်းမှုကို လက်ခံလိုက်ရခြင်းမှာ ပလက်ဝဒေသအရေးကို ထောက်ရှု၍ မိသားစု၊ ရပ်မိရပ်ဖများနှင့်တိုင်ပင်ကာ လက်ခံခဲ့ခြင်းဖြစ်သည်ဟု ချင်းပြည်နယ် သစ်တောဝန်ကြီးဟောင်းဦးကျော်ငြိမ်းကပြောသည်။
“ ပလက်ဝက ချင်းပြည်နယ်မှာ အစွန်ဆုံးမှာကျတယ်၊ ရောဂါကတမျိုး၊ အခုအရေးခင်းကတမျိုး၊ တိုက်ပွဲက တမျိုးရှိတယ်လေ၊ ဒေသမှာ တိုက်ပွဲရှောင် ဒုက္ခသည်တွေလည်းရှိတော့ ဒီအရေးကို ကျွန် တော်တို့ ချင်းပြည်နယ်မှာ လိုအပ်တဲ့ အကူူအညီကို ရလိုရညှားဆိုပြီးတော့ ကျွန်တော့်ကို ကမ်းလှမ်းတဲ့အခါမှာ အားလုံးကို မိဘနဲ့ ကျွန်တော်တို့ဒေသမှာရှိတဲ့ ရပ်မိရပ်ဖ၊ လူကြီးတွေနဲ့ တိုင်ပင်တယ်၊ တာဝန်ယူပေးပါဆိုပြီး လူထုကလည်း တောင်းဆိုတယ်ကျွန်တော့်ကို၊ ဒေသခံလူထုရဲ့ သဘောဆန္ဒအရ ကျွန်တော်ကလည်း အကောင်းဆုံးလုပ်မယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ ကျွန်တော်လုပ်ခဲ့တာပါ။” ဟု ဦးကျော်ငြိမ်းက ပြောသည်။
ပလက်ဝဒေသခံတစ်ဦးလည်းဖြစ်သည့် ဦးကျော်ငြိမ်းသည် ယခင်ဦးသိန်းစိန်အစိုးရလက်ထက်က ချင်းပြည်နယ် သစ်တောနှင့် သတ္တုရေးရာဝန်ကြီးဖြစ်ခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် ပလက်ဝမြို့နယ် ပြည်သူ့လွတ်တော် နေရာတွင် CNLD ကိုယ်စားပြုအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကာရှုံးနိမ့်ခဲ့သူဖြစ်သည်။
သူသည် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CNLD ပါတီ၏ ဒုတိယ ဥက္ကဌ-၄ တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ဖေဖော် ဝါရီလ ၁၆ ရက်နေ့က ပါတီဒုတိယဥက္ကဌတာဝန်နှင့် ပါတီဝင် အဖြစ်မှ နှုတ်ထွက်ခဲ့သည်။
ဦးကျော်ငြိမ်းသည် ချင်းပြည်နယ်စံမံအုပ်ချုပ်ရေးကောင်စီတွင် သစ်တော၊ စိုက်ပျိုးမွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်စွမ်းအင်၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းစသည့်ဌာနများကို အဓိကတာဝန်ယူကိုင်တွယ်သွားမည်ဟုသိရသည်။
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်သည် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) အကြား စစ်ရေးပဋိပက္ခဖြစ်ပွားရာ ဒေသဖြစ်ပြီး ဒေသခံပြည်သူ တစ်သောင်းခန့် စစ်ဘေးတိမ်းရှောင်နေကြရဆဲဖြစ်သည်။