မန္တလေး တိုင်းရင်းသားပေါင်စုံသပိတ်စစ်ကြောင်းကို ဖေဖော်ဝါရီ ၂၇ ရက်က ဖြိုခွင်းခံမှုတွင် ဖမ်းဆီခံခဲ့ရသည့် ရှမ်းနီတိုင်းရင်းသားလေးဦးအပါအ၀င် ၁၁ ဦး ယနေ့အချိန်အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း သိရသည်။
“၁၂ ရက်နေ့ရမန်ပြည့်ပြီး ရုံးထုတ်မှ အာမခံရမရကြည့်ရမယ်။ လူကြီးတွေကြားထဲမှထုတ်လို့ရအောင် လဲကြိုးစားနေတယ်။ ပြီးတော့ ရှေ့နေတွေဘက်ကနေလဲ ကြိုးစားနေတယ်။ ခုတော့ဘာမှမထူးခြားသေးဘူး။ ခုချိန်ထိတော့ အဖမ်းခံရတဲ့ တိုင်းရင်းသားစစ်ကြောင်းက ၁၁ ယောက်လုံးမလွတ်သေးဘူး” ဟု ၎င်း ဖမ်းဆီးခံထားရသူများ လွတ်မြောက်ရေး လိုက်ပါဆောင်ရွက်နေသူတစ်ဦးက ပြောသည်။
တိုင်းရင်းသားသပိတ်စစ်ကြောင်းထွက်ရန် လူစုနေစဉ်အချိန်တွင် ရဲအင်အား ၃၀၀ ခန့်က ဖြိုခွင်းခဲ့ခြင်းဖြစ်ပြီး အယောက် ၆၀ ခန့် ဖမ်းဆီထိန်းသိမ်းခံခြင်းဖြစ်ကာ တိုင်းရင်းသားပေါင်းစုံသပိတ် စစ်ကြောင်းမှ ၁၁ ဦးနှင့် ကျန်ရှိဖမ်းဆီးခံရသူများမှာ အထက ၁၆ သပိတ်စစ်ကြောင်းမှ ဖြစ်ကြောင်းသိရသည်။
“သပိတ်ဖြိုခွင်းခံရပြီး တတိယမြောက်နေ့မှာ နှစ်ယောက်ပြန်လွတ်လာတယ်။ အဲတာက ၁၆ ကျောင်းပါ အသက်မပြည့်သေးလို့ ပြန်လွတ်တာလို့သိရတယ်” ဟု ၎င်းကဆက်လက်ပြောကြားသည်။
အထက ၁၆ ကျောင်းမှဖမ်းဆီခံရသူ ၃၆ ဦးသည် ယနေ့ (မတ် ၄ ရက်) ညနေ ၄ နာရီခန့်တွင် ပြန်လည်လွတ် မြောက်လာကြောင်း သိရသည်။
ယင်းသို့ ဖမ်းဆီခံရပြီး ပြန်လည်မလွတ်မြောက်သေးသူများကို ၅၀၅ (က) ဖြင့် မတ် ၁၂ ရက်အထိ ရမန်ယူထားကြောင်း သိရသည်။
“အခုထိတော့မလွတ်သေးဘူးရှင်။ ကျွန်မအခု ထောင်ရှေ့မှစောင့်နေတယ်။ စောင့်နေတာလဲကြာနေပြီ” ဟု အဆိုပါဖမ်းဆီခံရသည့် ရှမ်းနီတိုင်းရင်းသားတစ်ဦး၏ တူမကပြောသည်။
မန္တလေး တိုင်းရင်းသားပေါင်းဆုံသပိတ်စစ်ကြောင်းကို ဖေဖော်ဝါရီ ၂၇ ရက်ကဖြိုခွင်းမှုတွင် ဖမ်းဆီးခံခဲ့ရသည့် ရှမ်းနီတိုင်းရင်းသား လေးဦးစလုံးသည် အသက် ၄၀ ကျော်ခန့် အမျိုးသမီးများဖြစ်ကြောင်း သိရသည်။