စစ်အာဏာသိမ်းပြီးနောက် မတ် ၁ ရက်မှစတင်ကာ မွန်ပြည်နယ် မြို့နယ်တချို့၏ မြို့အဝင်/အထွက်တို့တွင် အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များက ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။
မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ် အစရှိသည့် မြို့အဝင်/အထွက်နေရာတို့တွင် အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ရှာဖွေစစ်ဆေးမှုပြုလုပ်နေသည်ဟု ဆိုသည်။
“သံဖြူဇရပ် အဝင်မှာရော အထွက်မှာစစ်နေတယ်။ ဘယ်သွားမှာလဲ ဘယ်ကလာလဲ စသဖြင့် မေးတယ်။ ဆိုင်ကယ်နဲ့လူငယ်တွေဆို ဖုန်းဖွင့်စစ်တယ် အိတ်ဖွင့်စစ်တယ်” ဟု မတ်လ ၂ ရက်က ကိုယ်တိုင်အစစ်ဆေးခံခဲ့ရသူ မင်းရော့မွန်က ပြောသည်။
မြို့အဝင်အထွက်နေရာများတွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ပူးပေါင်းပြီး ဖြတ်သန်းသွားလာနေသည့် ကားများ၊ ဆိုင်ကယ်များကို မတ်လ ၁ ရက်နေ့က စတင်ကာ ရှာဖွေစစ်ဆေးမှုများပြုလုပ်နေခြင်း ဖြစ်သည်ဟု ပြောသည်။
မော်လမြိုင်နှင့် မုဒုံမြို့အထွက် နေရာအချို့တို့တွင်လည်း စစ်ဆေးမှုများရှိနေပြီး အဓိက ဖုန်းနှင့် လူမှုကွန်ယက်စာမျက်နှာကိုဖွင့်ခိုင်းကာ စစ်ဆေးနေသည်ဟု အစစ်ဆေးခံခဲ့ရသူများက ပြောသည်။
“ဆိုင်ကယ်ကိုတားပြီးတော့ ညီမဖုန်းကိုစစ်တာပါ။ ညီမရဲ့ ကျောပိုးအိတ်လည်း ဖွင့်စစ်တယ်၊ Facebook ကိုပါ ဖွင့်ခိုင်းပါတယ်။ အဲ့လိုမျိုး စစ်တယ်” ဟု မတ်လ ၁ ရက်နေ့က မော်လမြိုင်မြို့အထွက်တွင် အစစ်ခံခဲ့ရသူ Gen Z အမျိုးသမီးငယ်တစ်ဦးက ပြောသည်။
ရှာဖွေစစ်ဆေးရာတွင် ဖုန်းထဲ၌ စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့် ပတ်သက်သည့်အချက်အလက် တွေ့ရှိသူများကို ဖမ်းဆီးနေသည်ဆိုသည့်သတင်းများလည်း ထွက်ပေါ်နေပြီး သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
“ဒါကလည်း ပြည်သူတွေ ကြောက်ရွံ့အောင် လုပ်ဆောင်တဲ့နည်းတစ်ခုပေါ့ လူတွေကြောက်အောင် ထိတ်လန့်အောင် လုပ်ဆောင်နေတာ” ဟု အသက် ၆၀ ဝန်းကျင်ရှိ မော်လမြိုင်မြို့ခံ တစ်ဦးက ပြောသည်။
အာဏာသိမ်းပြီးနောက် မော်လမြိုင်မြို့ အပြင် မုဒုံ သံဖြူဇရပ် ချောင်းဆုံ အစရှိသည့် မြို့တို့တွင် လူအင်အား သိန်းနှင့်ချီက လမ်းပေါ်ထွက်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြနေ ကြသည်။
စစ်အာဏာရှင်အား ဆန့်ကျင်ဆန္ဒပြသူများကို စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ရာဘာကျည်ဆံများ၊ ကျည်ဆံအစစ်အများ၊ မျက်ရည်ယိုဗုံးများနှင့် အသံမြည်ဗုံးများဖြင့် အင်အားသုံး ဖြိုခွင်းလျှက်ရှိသည်။
ထို့သို့ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်တို့၏ ပစ်ခတ် ဖြိုခွင်းမှုများကြောင့် ဖေဖော်ဝါရီ ၂၈ ရက်က မော်လမြိုင်မြို့တွင် လူငယ်တစ်ဦး သေဆုံးသွားပြီး ဒဏ်ရာရသူလည်း အများအပြားရှိနေခဲ့သည်။