အာဏာသိမ်းစစ်အုပ်စု၏ အုပ်ချုပ်ရေးအဖွဲ့အစည်းများအားလုံး တရားမဝင်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ထုတ်ပြန်

အာဏာသိမ်းစစ်အုပ်စု၏ အုပ်ချုပ်ရေးအဖွဲ့အစည်းများအားလုံး တရားမဝင်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ထုတ်ပြန်

အာဏာသိမ်းစစ်အုပ်စု၏ အုပ်ချုပ်ရေးအဖွဲ့အစည်းများအားလုံး တရားမဝင်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ထုတ်ပြန်လိုက်သည်။

ပြည်ထောင်စု အစိုးရအဖွဲ့ရုံး၏ ခေတ္တပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ် ၎င်းအဖွဲ့အစည်းများအားလုံး တရားမဝင်ကြောင်း မတ် ၃ ရက် (ယနေ့) တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် “စစ်အာဏာသိမ်း အကြမ်းဖက်အုပ်စု၏ အုပ်ချုပ်ရေးအာဏာများသည် တရားဝင်မှုမရှိသဖြင့် ၎င်းက ခန့်အပ်ဖွဲ့စည်းသော အုပ်ချုပ်ရေးအဖွဲ့အစည်းအားလုံးကို တရားမဝင်ကြောင်း ကြေညာလိုက်သည်” ဟု ဖော်ပြထားသည်။

ထို့ပြင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သော ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအစီအစဉ်နှင့်အညီ ဖွဲ့စည်းထားသော ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များကို တရားဝင် ဒေသန္တရအုပ်ချုပ်ရေးအာဏာကို ကျင့်သုံးခွင့်ရှိသော အဖွဲ့များအဖြစ် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနက အတည်ပြုကြောင်း ထုတ်ပြန်ချက်ထဲတွင် ဖော်ပြခဲ့သည်။

နိုင်ငံတော်အတွင်း တရားဥပဒေစိုးမိုးရေးနှင့် ဒေသန္တရအုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်ရန်အတွက် လိုက်နာလုပ်ဆောင်ရမည် လုပ်ငန်းစဉ်များကိုလည်း ခေတ္တပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထားသည်။

အဆိုပါ လုပ်ဆောင်ရမည့်အချက်များမှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းရန် ကျန်ရှိနေသောဒေသများတွင် သက်ဆိုင်ရာ မြို့နယ်အလိုက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များကို ၂၀၂၁ ခုနှစ် မတ်လ ၁၀ ရက်နေ့ နောက်ဆုံးထား၍ ဖွဲ့စည်းရန်၊ စစ်အာဏာသိမ်း အကြမ်းဖက်အုပ်စုက ခန့်အပ်သော အုပ်ချုပ်ရေးမှူးများအပါအဝင် မည့်သည့်အုပ်ချုပ်ရေးအဖွဲ့အစည်း၏ အုပ်ချုပ်မှုကို လက်မခံဘဲ ဒေသန္တရအုပ်ချုပ်ရေးဆိုင်ရာ ကစ္စရပ်များအားလုံးကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် ဒီမိုကရေစီလိုလားသော ရပ်မိရပ်ဖများ၊ Civil Disobedience Movement (CDM) တွင်ပါဝင်သော နိုင်ငံ့ဝန်ထမ်းများ၏ ပေါင်းစပ်အင်အားဖြင့် လွှဲပြောင်းရယူဆောင်ရွက်ကြရမည်ဟု ဖော်ပြထားသည်။

ထို့အပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များသည် လတ်တလောကာလ ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအစီအစဉ်ပါ လုပ်ငန်းတာဝန်များကို စုပေါင်းအင်အားဖြင့် ညီညွှတ်စွာ စီမံဆောင်ရွက်ကြရန်နှင့် အရေးအပေါ်ဆောင်ရွက်ရန် လိုအပ်သော လုပ်ငန်းဆောင်တာများနှင့်စပ်လျဉ်း၍ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာနက ချိတ်ဆက်ညွှန်ကြားသွားမည်ဟု ပြောဆိုထားသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနအနေဖြင့် လိုအပ်သောအမိန့်၊ အမိန့်ကြေညာစာနှင့် ညွှန်ကြားချက်များကို ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်သည်ဟု သိရသည်။

မတ်လ ၃ ရက်နေ့ (ယမန်နေ့) က ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က နိုင်ငံတော်အစိုးရ၏ လုပ်ငန်းတာဝန်များကို သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများ၏ကိုယ်စား ဆောင်ရွက်ရန်အလို့ငှာ ဝန်ကြီးဌာနအသီးသီးတွင် ခေတ္တပြည်ထောင်စုဝန်ကြီးများကို ခန့်အပ်တာဝန်ပေးအပ်ခဲ့သည်။

ခေတ္တပြည်ထောင်စုဝန်ကြီးများမှာ ဒေါ်ဇင်မာအောင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဦးလွင်ကိုလတ် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ဦးတင်ထွန်းနိုင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒေါက်တာဇော်ဝေစိုး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တို့ဖြစ်သည်။

CRPH မှ ခေတ္တပြည်ထောင်စုဝန်ကြီးများကို ခန့်အပ်တာဝန်ပေးအပ်လိုက်သည့် နောက်တစ်ရက် မတ်လ ၃ ရက်နေ့တွင် ခေတ္တပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က အာဏာသိမ်းစစ်အုပ်စု၏ အုပ်ချုပ်ရေးအဖွဲ့အစည်းများအားလုံးသည် တရားမဝင်ကြောင်း ထုတ်ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...