ဖမ်းဆီးခံထားရသည့် ဝိုင်းမော်မြို့မှ ကျောင်းအုပ်ဆရာမနှင့် အမျိုးသမီးနှစ်ဦး ၎င်းတို့၏ရှေ့နေနှင့်ပင် တွေ့ခွင့်မရ

ဖမ်းဆီးခံထားရသည့် ဝိုင်းမော်မြို့မှ ကျောင်းအုပ်ဆရာမနှင့် အမျိုးသမီးနှစ်ဦး ၎င်းတို့၏ရှေ့နေနှင့်ပင် တွေ့ခွင့်မရ
by -
ခေါင်ညွယ် (KNG)

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ စစ်အာဏာဆန့်ကျင်သည့် သပိတ်စစ်ကြောင်းမှ ဖေဖော်ဝါရီ ၂၇ ရက်တွင် ဖမ်းဆီးထိန်းသိမ်းခံလိုက်ရသည့် ကျောင်းအုပ်ဆရာမနှင့် အမျိုးသမီးနှစ်ဦးကို မည်သူမျှနှင့်မျှ တွေ့ခွင့်မပေးသေးကြောင်း ယင်းအမှုကို လိုက်ပါဆောင်ရွက်ပေးမည့် တရားလွှတ်တော်ရှေ့နေ ဦးဂဲနက်စ်ကပြောသည်။

"တွေ့ခွင့်ကို တောင်းတာတော့ သုံးကြိမ်ရှိပြီ။ ပထမအကြိမ်တော့ ဖမ်းဆီးခံရခြင်း ထောင်မရောက်ခင် ဝိုင်းမော်ထွေအုပ်ရုံးထဲမှာ ထိန်းသိမ်းထားတဲ့ချိန်တွေ့ဆုံခွင့်တောင်းတယ်၊ မရခဲ့ဘူး။ဒုတိယအကြိမ်ကတော့ ထောင်ကြီးမှာ ရောက်သွားတဲ့ချိန်တွေ့ ဆုံခွင့်တောင်းတယ်၊ မရခဲ့ဘူး။တတိယအကြိမ်ကတော့ ဥပဒေကြောင်းအရ အကျဉ်းထောင်လက်စွဲဥပဒေအရတွေ့ ဆုံခွင့်တောင်း တယ်။ဒါပေမယ့် ကိုဗစ်ကာလဖြစ်တဲ့ချိန်ကျတော့ ကိုယ်တွေဘဲမဟုတ်ဘူး။ ရှိသမျှသာမန်အကျဉ်းသားတွေကော ဘယ်သူမှ တွေ့ဆုံခွင့်မပေးဘူး။ ထောင်က ကွာရန်တင်းစင်တာမှာ သီးသန့်ထားတာဖြစ်တဲ့အတွက် အပြင်လူတွေနဲ့တွေ့ ဆုံခွင့်မပေးတာပါဆိုပြီး ပြောပါတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးဂဲနက်စ်ကပြောသည်။

သို့သော် ကျောင်းအုပ်ဆရာမကြီးနှင့်အမျိုးသမီး နှစ်ဦးအမှုအား ရှေ့နေအဖြစ်လိုက်ပါဆောင်ရွက်ခွင့် ရှေ့နေကိုယ်စားလှယ်လွှဲစာတင်ပြပြီး ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ ဖမ်းဆီးခံထားရသည့် ကျောင်းအုပ်ဆရာမကြီးနှင့် အမျိုးသမီးနှစ်ဦးအား လာမည့် မတ် ၁၂ ရက်တွင် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးမည်ဖြစ်ပြီး သဘာဝဘေးအန္တာရယ်စီမံခန့်ခွဲမူဥပဒေဖြင့် အမှုစွဲဆိုထားခြင်းဖြစ်ကြောင်းလည်း သိရသည်။

"မူလက သိထားတာတော့ ဘေးစီပုဒ်မ ၂၅ နဲ့စွဲထားတာဆိုတာဘဲ သိထားတယ်။ ဘယ်လိုပုံစံစွဲတယ်၊ အမှုကဘယ်သူကိုင်တယ်။ ဘာလုပ်တယ်။ အဲဒါတွေဘာမှမသိရသေးဘူး။ လူတောင်မှ တွေ့ခွင့်မရသေးတာမို့ ဒီအမူအကြောင်းအရာကိုဘယ်လိုမှ သိနိုင်စရာအကြောင်းမရှိဘူး။ ဒီနေ့မှသူတို့ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးဖို့ ရှေ့နေကိုယ်စားလှယ်လွဲစာ တင်တာဖြစ်တယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးဂဲနက်စ်ကပြောသည်။

အဆိုပါ ကျောင်းအုပ်ဆရာမကြီးနှင့် အမျိုးသမီးနှစ်ဦးသည် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ရှိပြည်သူများ ဖေဖော်ဝါရီ ၂၇ ရက် ဆန္ဒဖော်ထုတ်နေစဉ်အတွင်း ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။

ဖမ်းဆီးခံထားရသည့် ကျောင်းအုပ်ဆရာမကြီးသည် မူလတန်းကျောင်းအုပ် ဆရာမကြီးဒေါ်လငန်လွမ်းနောနှင့် ဒေါ်ဇတန်းဇေညွယ်တို့ဖြစ်ကြသည်။

အဆိုပါအမျိုးသမီး ဖမ်းဆီးခံရပြီးနောက် ဝိုင်းမော်ပြည်သူများ ဆန္ဒထုတ်ဖော်ရာတွင် ဖမ်းဆီးခံထားရသည့် ဆရာမနှင့် အမျိုးသမီးနှစ်ဦးအား အမြန်ဆုံးပြန်လည်လွှတ်မြောက်ခွင့်ပေးရန်လည်း ထည့်သွင်းကြွေးကြော်ခဲ့ကြသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...