ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားနှင့် ဖားကန့်မြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းများကို လမ်းများမပိတ်ဆို့ရန်နှင့် လူစုခွဲကြရန် ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ PCG က လာရောက်ပြောဆိုခဲ့ကြောင်း သိရသည်။
မတ် ၃ ရက် (ယနေ့) နံနက်ပိုင်းကစတင်ပြီး သပိတ်စစ်ကြောင်းအသီးသီးကို လိုက်လံအကြမ်းဖက်ဖြိုခွင်းခဲ့ရာ မြစ်ကြီးနားမြို့က အထွေထွေ ပင်မသပိတ်စစ်ကြောင်းကို အောင်နန်းရပ်ကွက်၊ မြေမြင့်ရပ်ကွက်နှင့် ယုဇနရပ်ကွက်တို့အနီး လိုက်လံဖြိုခွင်းခဲ့ပြီး အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် (AGD) အနီးတွင် အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များက လေးဂွများဖြင့်ပစ်ခြင်း၊ အသံမြည်ဗုံးများဖြင့် ခြိမ်းခြောက်ပစ်ခတ်လူစုခွဲခဲ့သည့်အပြင် မျက်ရည်ယိုဗုံး လေးလုံးခန့်ဖြင့်လည်း ပစ်ခတ်ခဲ့သည်။
ထို့နောက် ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ PCG က ရောက်ရှိလာပြီးနောက် ဆန္ဒပြပြည်သူများကို လမ်းများမပိတ်ဆို့ရန်နှင့် လူစုခွဲကြရန် လာရောက်ပြောဆိုခဲ့သည်။
“PCG ရောက်လာတယ်။ လမ်းမပိတ်ဖို့လာပြောတယ်၊ လူစုခွဲဖို့လည်းပြောတယ်။ ခဲတွေနဲ့ မပစ်ဖို့ပြောတယ်။ ကျွန်တော်တို့က မပစ်ဘူး။ ကျနော်တို့ကလည်း လမ်းပိတ်တာလည်း မဟုတ်ဘူး။ အဓိက က ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တာ၊ အေးဆေးပဲ စီတန်းလှည့်လည်တာ ဒါကို သူတို့က အကြမ်းဖက်ဖြိုခွင်းလို့ အခုလိုမျိုး ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ လမ်းတွေပိတ်တာဖြစ်တယ်။ သူတို့တက်လာတဲ့အတွက် အကာအကွယ်ယူလိုက်တာပါ” ဟု ဆန္ဒပြလူငယ်တစ်ဦးက ပြောသည်။
မြစ်ကြီးနားမြို့ မြေမြင့်၊ ယုဇနနှင့်အောင်နန်းရပ်ကွက်တို့တွင် ဆန္ဒပြပြည်သူများက စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ ဝင်လာနိုင်သည့်လမ်းမနှင့် လမ်းကြိုလမ်းကြားများကို ဝါးများ၊ ဆိုင်းဘုတ်များ၊ ကျောက်ခဲများဖြင့်တားပြီး လမ်းများကိုပိတ်ကာ လုံခြုံရေးအတွက် ပြင်ဆင်ထားသည်ကိုလည်း တွေ့ရသည်။
“ကျွန်တော်တို့ မလုံခြုံလို့ အခုလိုလုပ်ရတာလေ။ သူတို့က သူတို့ကတိသူတို့မတည်လို့လေ။ ကျွန်တော်တို့က ဘာမှမလုပ်လိုက်ရဘူး။ ဒီလိုအကာတွေလုပ်နေတာနဲ့၊ ကျွန်တော်တို့ မြစ်ကြီးနားက ညနေဆိုလည်း ဆန္ဒပြတာမဟုတ်ဘူး။ ဒီမနက်ပိုင်းလေးပဲ၊ ၁၂ နာရီအထိပဲကို။ သူတို့က နောက်မဆုတ်ပဲ တောက်လျှောက်အရှေ့ကိုတက်တယ်။ သူတို့က သူတို့ပြောတဲ့စကားအပေါ်မှာ တာဝန်မယူဘူး။ ကျွန်တော်တို့က နောက်ကျောလုံလုံနဲ့မလျှောက်ရဘူး။ ပြန်ပြန်ကြည့်နေရတာ။ သပိတ်စစ်ကြောင်းက အရှေ့ကိုတိုးရမှာကိုး အခုက နောက်ပြန်ပြန်ဆုတ်နေရတာ” ဟု မြစ်ကြီးနားမြို့က ဆန္ဒပြပွဲတွင်ပါဝင်သူ ဒေသခံတစ်ဦးက ပြောသည်။
ထို့ပြင် မြစ်ကြီးနားမြို့၊ မနောအားကစားကွင်းအနီးက နောင်ရာနေရာတွင် သပိတ်စစ်ကြောင်းတစ်ခု လူစတင်စုနေချိန် အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖြိုခွင်းခြင်း၊ လေးဂွများဖြင့် ပစ်ခြင်းတို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း၊ ထို့အပြင် ဆန္ဒပြည်သူများ၏ မော်တော်ဆိုင်ကယ် အချို့နှင့် ထိုင်ခုံများ၊ အခြားသောပစ္စည်းများကိုလည်း သိမ်းဆည်းသွားသည်ဟု အဆိုပါနေရာကို ရောက်ရှိနေသည့် ကချင်လူငယ်တစ်ဦးက ပြောသည်။
အလားတူ ဖားကန့်မြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းများလည်း အကြမ်းဖက်ဖြိုခွင်းခံရပြီး ထိခိုက်ဒဏ်ရာရရှိသူများ ၁၀ဦးထက်မနည်းရှိပြီး တစ်ဦးစိုးရိမ်ရကြောင်း သိရသည်။
ယနေ့ပူတာအိုမြို့တွင် ပြုလုပ်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆိုင်ကယ်သပိတ်လည်း အာဏာသိမ်းစစ်ကောင်စီ၏ စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များက ပိတ်ဆို့ခံပြီး လက်ရှိအချိန်ထိ ညှိနှိုင်းခဲ့ရကြောင်း ဒေသခံ များက ပြောသည်။
Published
Wednesday, March 03, 2021
ကချင်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းများကို လမ်းများမပိတ်ဆို့ရန်နှင့် လူစုခွဲရန် ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ PCG ပြောဆို