မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်အပါအဝင် မြို့မိ၊မြို့ဖ ကိုယ်စားလှယ်များ ပူးပေါင်း၍ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို မတ်လ ၂ ရက်နေ့က ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
ဘီးလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွင် အဖွဲ့ဝင် ၂၃ ဦးပါဝင်ပြီး မြို့နယ် ဒေသခံပြည်သူများ၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် အစုအဖွဲ့များဖြင့် ဖွဲစည်းလိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
အဆိုပါ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွင် ဘီးလင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် (၄) ဦး၊ မြို့မိ-မြို့ဖ ကိုယ်စားလှယ် (၅) ဦး၊ ဥပဒေပညာရှင် (၂) ဦး၊ CDM လှုပ်ရှားမှုတွင်ပါဝင်သော ဌာနဆိုင်ရာကိုယ်စားလှယ် (၅) ဦး၊ အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် (၃) ဦး၊ လူငယ်များအဖွဲ့မှ ကိုယ်စားလှယ် (၄) ဦး ပါဝင်ကြောင်း သိရသည်။
ယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့အစည်းများအနေဖြင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ မွန်ပြည်နယ်လွှတ်တော် ကိုယ်စားပြုကော်မတီ (CRMH) တို့နှင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြည့်သူ့အုပ်ချုပ်ရေးအဖွဲ့၏ သက်တမ်းသည် ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးစာတမ်းပါ အခန်း ၆၊ အပိုဒ် (၁) အတိုင်း ခြောက်လသက်မှတ်ထားကြောင်း ဖော်ပြထားသည်။
လက်ရှိမြန်မာနိုင်ငံအနှံ့တွင် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းလျက်ရှိပြီး ရပ်ကွက်ကျေးရွာအုပ်စုအလိုက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အစည်းများကိုလည်း အလျင်အမြန် ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုသည်။
ထို့ပြင် ကျိုက်မရောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အစည်းကို မတ် ၂ ရက်တွင်ပင် ဖွဲ့စည်းထားပြီး အဖွဲ့ဝင် ၂၂ ဦးပါဝင်ကြောင်း သိရသည်။
မွန်ပြည်နယ်အတွင် မြို့နယ်အလိုက် ဒေသခံပြည်သူလုထုများက အာဏာသိမ်းစစ်ကောင်စီဆန့်ကျင်ရေး လှုပ်ရှားဆန္ဒထုတ်ဖော်မှုများကို ဆောင်ရွက်နေပြီး ရဲတပ်ဖွဲ့မှ အကြမ်းဖက်ဖြိုခွင်းမှုများ ပြုလုပ်လျက်ရှိသည်။
Published
Wednesday, March 03, 2021
ဘီးလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်း