လက်နက်ဖြင့် အကြမ်းဖက်ဖြိုခွင်းနှိမ်နင်းခြင်းကို လုပ်ဆောင်နေသည့် စစ်တပ်နှင့်ရဲတပ်ဖွဲ့များကို အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အဖြစ်နှင့် အာဏာသိမ်းယူထားသည့် စစ်ကောင်စီအား တရားမဝင်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြောင်း လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီက ထုတ်ပြန်ကြေညာလိုက်သည်။
အဆိုပါ ထုတ်ပြန်ချက်ကို မတ် ၂ ရက် (ယနေ့) က ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး ထိုထုတ်ပြန်ချက်ထဲတွင် “အရပ်သား အစိုးရထံမှ မတရားအာဏာသိမ်းယူထားသည့် စစ်ကောင်စီကို တရားမဝင်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြောင်း၊ အကြမ်းမဖက်သည့် နည်းလမ်းများဖြင့် ဆန္ဒ ထုတ်ဖော်နေသော တနိုင်ငံလုံးရှိ ပြည်သူလူထုအားလုံးကို စစ်လက်နက်ဖြင့် အကြမ်းဖက်ဖြိုခွင်းနှိမ်နင်းခြင်းကို ပြုလုပ်နေသည့် စစ်တပ်နှင့် ရဲတပ်ဖွဲ့ကို အကြမ်းဖက် သောင်းကျန်းသူအဖွဲ့အဖြစ် သတ်မှတ်ကြောင်း ဖော်ပြထားသည်။
ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကလည်း အကြမ်းဖက်ခံနေရသည့် လူထုများကို ကာကွယ်ပေးနိုင်အောင် ကြိုးစားလုပ်ဆောင်ပေးရန် လူမျိုးပေါင်းစုံ အထွေထွေ သပိတ်ကော်မတီမှ ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်း တောင်းဆိုထားသည်။
၎င်းတို့က “ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေကြသည့် မြန်မာပြည် အနယ်နယ်အရပ်ရပ်ရှိ ပြည်သူများကို လက်နက်အားကိုးဖြင့် အကြမ်းဖက်နေသည့် မြန်မာစစ်တပ်/ရဲတပ်ဖွဲ့များကို ပြန်လည်တုန့်ပြန်နိုင်ရန်အတွက် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းများဘက်မှ တပ်ပေါင်းစုအားဖြင့် ပြည်သူ၏ အသက်အန္တရာယ်များကို ကာ ကွယ်နိုင်ရန် ကြိုးစားဆောင်ရွက်သွားရန် တောင်းဆိုသည်” ဟု ပြောသည်။
ထို့အတူ တရားဝင် နိုင်ငံခေါင်းဆောင်များဖြစ်သော သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးခြင်းအပြင် စစ်အာဏာသိမ်းခြင်းမှုကို မလိုလားသည့် ပြည်သူများ၏ ဆန္ဒထုတ်ဖော်မှုကို လက်နက်ဖြင့် အကြမ်းဖက်ဖြို ခွင်းနှိမ်နင်းသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအား ပြည်ထောင် စု လွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က အကြမ်းဖက်အဖွဲ့အစည်းအဖြင့် သတ်မှတ်ကြောင်း မတ် ၁ ရက် (ယမန်နေ့) ကလည်း ထုတ်ပြန်ကြေညာထားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်ကလည်း ပြည်သူလူထုများကို အကြမ်းဖက်ဖြိုခွင့်နှိမ်နင်းနေသည့် အာဏာသိမ်းစစ်ကောင်စီအား မတရားအသင်းအဖြင့် သတ်မှတ်ကြေညာကြောင်း ကရင်လူငယ်ကွန်ရက်အဖွဲ့က လည်းထုတ်ပြန်ထားသည်။
လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီမှ ယနေ့ ထုတ်ပြန်ချက်ထဲတွင် အဆိုပါအချက်များအပါအဝင် အချက်ငါးချက်ကို ထည့်သွင်းထုတ်ပြန်ထားပြီး တရားမဝင်အဖွဲ့အစည်းဖြစ်သော စစ်ကောင်စီနှင့် အကြမ်းဖက်သောင်းကျန်းသူ စစ်တပ်/ရဲတပ်ဖွဲ့အား International Court Of Justice (ICJ) တွင် အရေးယူမည့်အပေါ် ထောက်ခံကြိုဆိုသည်ဟု ဆိုသည်။
လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီအနေဖြင့် အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှုတွင် CDM နှင့် ပြည်သူလူထုအားလုံး၏ အခန်းကဏ္ဍမှ အလွန်အရေးကြီးသောကြောင့် မိမိတို့ကော်မတီမှာ CDM ကို အပြည့်အဝထောက်ခံအားပေးကြောင်းနှင့် အလုံးစုံ ကူညီနိုင်သည့်ဘက်မှ အလုံးစုံ ကူညီထောက်ပံ့နိုင်အောင် အစွမ်းကုန် ဆက်လက်ကြိုးပမ်းသွားမည်ဟု ပြောသည်။
မြန်မာနိုင်ငံတွင် စစ်တပ်မှ မတရားအာဏာသိမ်းခြင်းကို ၃ ကြိမ်တိုင်တိုင် လုပ်ဆောင်ခဲ့ပြီး စစ်အာဏာသိမ်းမှု ကာလတလျှောက်တွင်လည်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်လျက်ရှိသော ပြည်သူများကို စစ်လက်နက်များဖြင့် အကြမ်းဖက်နည်းလမ်းများ အသုံးပြုဖြိုခွင်းခဲ့ရာ ယနေ့ အချင်းအကျင်းတွင်လည်း ၎င်းတို့ဘက်မှ စစ်လက်နက်ဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၃၀ ဝန်းကျင် သေဆုံးခဲ့ရပြီး မတရားဖမ်းဆီးထိန်းသိမ်းခံရသူ ၁၀၀၀ ကျော်ရှိပြီဖြစ်သည်ဟု လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီက ဆိုသည်။