ကချင်ပြည်နယ်၊ဖားကန့်မြို့တွင် ယနေ့ (မတ် ၂ ရက်) ၌ စစ်အာဏာဆန့်ကျင်သည့်သပိတ်တွင် ရဲတပ်ကြပ်တစ်ဦးပါဝင်လာပြီးနောက် ပထမဆုံးအကြိမ် ပစ်ခတ်ဖြိုခွင်းခံရကြောင်း ဒေသခံများထံမှ သိရသည်။
ဖားကန့်မြို့တွင် ဖေဖော်ဝါရီ ၈ ရက်မှစကာ စစ်အာဏာဆန့်ကျင်သည့် ဆန္ဒထုတ်ဖော်ပွဲများပြုလုပ်ခဲ့သော်လည်း လူစုခွဲဖြို ခွင်းခံရခြင်း မရှိခဲ့သော်လည်း ယနေ့သပိတ်စစ်ကြောင်းတွင် ရဲတပ်ကြပ်တစ်ဦးပါဝင်လာသည့်အတွက် ၎င်းအားလာရောက်ရှာဖွေ ရင်း လူစုခွဲဖြိုခွင်းခဲ့ခြင်းဖြစ်ကြောင်းနှင့် ထိုသို့ ပစ်ခတ်ဖြိုခွင်းမှုကြောင့် လူတချို့ ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။
"ကျွန်တော်တို့ဖားကန့်မှာ ဒီနေ့ပထမဆုံး ရဲတပ်ကြပ်တစ်ဦးက CDM လုပ်တဲ့ထဲပါဝင်လာတယ်။ လုံးခင်းဘက်သပိတ်စစ်ကြောင်းက ပါဝင်လာတာလို့ဘဲသိရတယ်။ အဲသပိတ်စစ်ကြောင်းက ဖားကန့် စီးပွားရေးဘဏ်နားမှာ ရောက်လာ တဲ့အချိန်တစ်ခြား ရဲတပ်ဖွဲ့ဝင်တွေက အဲရဲတပ်သားပါလာလို့ရောက်ချလာတာ ပြီးတော့အဲရဲကိုလာရှာတယ် မတွေ့တဲ့ချိန်ကျတော့ ဒီရဲကဆန္ဒပြတဲ့အထဲ ပါတယ်ထင်ပြီးတော့ လူစုခွဲတာတွေလုပ်သွားတယ်”ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။
ယနေ့ပါဝင်လာသည့် အဆိုပါရဲတပ်ကြပ်ဆန်းလွင်သည် ဖားကန့်မြို့နယ်၊ကထန်မှော်၊လုံးခင်းကျေးရွာအုပ်စုရှိ မြစ်ဆုံဧရာကျောက်မျက်ကုမ္မဏီတွင် လုံခြုံရေးတာဝန်ယူနေသူတစ်ဦးဖြစ်ကြောင်းလည်း သိရသည်။
CDM ပါဝင်လာသည့် ရဲတပ်ကြပ်ဆန်းလွင်က"မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုတာ ပြည်သူလူထုကို ဘယ်တော့မှမနှိပ်စက်ပါဘူး။ ခုဟာကသူတို့က ရဲဝတ်စုံဝတ်ပြီးနှိပ်စက်နေကြတဲ့အတွက် ကျနော်လမ်းပေါ်ထွက် ရခြင်းဖြစ်တယ်။ ကျွန်တော့် မှာအသက်တစ်ချောင်းဘဲပါတယ်။ သေသွားရင်လည်းဘာမှမဖြစ်ဘူး။ ကျနော်သေရဲပါတယ် “ဟု သပိတ်စစ်ကြောင်းတွင်ပြောဆိုခဲ့သည်။
စစ်တပ်က ဖေဖော်ဝါရီ ၁ ရက်တွင် အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၈ ရက်မှစကာ တစ်နိုင်ငံလုံးတွင် စစ်အာဏာဆန့်ကျင်သည့် ဆန္ဒထုတ်ဖော်ပွဲများကို တခြားတိုင်းနှင့် ပြည်နယ်များနည်းတူ ကချင်ပြည်နယ်ရှိ မြို့အသီးသီးတွင် ပြုလုပ်လျက်ရှိသည်။