ခေတ္တပြည်ထောင်စုဝန်ကြီးများ CRPH က ခန့်အပ်

ခေတ္တပြည်ထောင်စုဝန်ကြီးများ CRPH က ခန့်အပ်

နိုင်ငံတော်အစိုးရ၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်ရန် ခေတ္တပြည်ထောင်စုဝန်ကြီးများကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ခန့်အပ်တာဝန်ပေးအပ်လိုက်သည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ခန့်အပ်လိုက်သည့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါ်ဇင်မာအောင်၊ သမ္မတရုံးဝန်ကြီးဌာနနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးလွင်ကိုလတ်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ်  ဦးတင်ထွန်းနိုင်နှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါက်တာဇော်ဝေစိုးတို့ကို ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

တပ်မတော်မှ အာဏာသိမ်းယူပြီး တစ်လနှင့် နှစ်ရက်ပြည့်သည့် မတ် နှစ်ရက် (ယနေ့) တွင် CRPH က ပြည်ထောင်စုဝန်ကြီးများကို ခန့်အပ်ကြောင်း ကြေညာလိုက်ခြင်းဖြစ်သည်။

CRPH ၏ ထုတ်ပြန်ချက်ထဲတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တရားဝင်အစိုးရဖြစ်သော သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ဦးဆောင်သည့် ပြည်သူ့အစိုးရအား စစ်အာဏာသိမ်းအုပ်စုက အဓမ္မနည်းဖြင့် ဖယ်ရှား၍ အာဏာသိမ်းယူထားသည်ဖြစ်ရာ ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး များသည် တာဝန်များကို ထမ်းဆောင်နိုင်ရန် အခြေအနေ မရှိသောကြောင့် နိုင်ငံတော်အစိုးရ၏ လုပ်ငန်းတာဝန်များကို သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများ၏ကိုယ်စား ဆောင်ရွက်ရန်အလို့ငှာ အဆိုပါပုဂ္ဂိုလ်များအား ယှဉ်တွဲပါ ဝန်ကြီးဌာနအသီးသီးတွင် ခေတ္တပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်ဟု ဆိုသည်။

ထို့ပြင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ လုပ်ငန်းတာဝန်များကို ထိရောက်စွာ ဆောင်ရွက်ရန်အတွက် သင့်လျော်သည့်ပုဂ္ဂိုလ်များအား လိုအပ်သလို ဆက်လက်တာဝန်ပေးအပ်သွားမည်ဖြစ်သည်ဟု CRPH ၏ ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့က တပ်မတော်က အာဏာသိမ်းယူသည့်အခါတွင် နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်နှင့် တိုင်းဒေသအသီးသီးရှိ ဝန်ကြီးများနှင့် လွှတ်တော်ကိုယ်စားလှယ်များကို ဖမ်းဆီးထားပြီးနောက် လူထုက ရွေးချယ်တင်မြောက်ထားသည့် အစိုးရအဖွဲ့မှာလည်း ပျက်ပြယ်သွားပြီဟု အာဏာသိမ်းယူထားသည့် တပ်မတော်မှ ကြေညာခဲ့သည်။

သို့သော် ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင် အနိုင်ရရှိထားသည့် NLD လွှတ်တော်ကိုယ်စားလှယ်များက ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကို ဖွဲ့စည်းခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လက်ရှိအချိန်အထိ သမ္မတမှာ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှာ ဒေါ်ဆောင်ဆန်းစုကြည်ဖြစ်သည်ဟု တရားဝင် ထုတ်ပြန်ကြေညာခဲ့သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...