စစ်အာဏာရှင်ဆန့်ကျင်သည့် လူထုလှုပ်ရှားမှုအဖြစ် ဝန်ထမ်းများ CDM တွင် ပါဝင်ပေးရန် ကယားပြည်နယ် စစ်အာဏာရှင့်ဆန့်ကျင်ရေးကော်မတီအဖွဲ့ဝင် ကိုဒီးဒီက တိုက်တွန်းပြောဆိုသည်။
“အကယ်၍ ဒီတိုက်ပွဲမအောင်မြင်ခဲ့ရင် သူတို့ တစ်သက်လုံးလွှတ်လွှတ်လပ်လပ်အလုပ်လုပ်လို့ မရသလို စိတ်ပိုင်း ဆိုင်ရာအရရော။ အခွင့်အရေးပိုင်းဆိုင်ရာ အရရော။ လွှတ်လွှတ်လပ်လပ်စိတ်သန့်သန့်နဲ့ လုပ်နိုင်တဲ့ အနေအထား မရှိဘူးပေါ့နော။ အကုန်လုံးပါဝင်ရင် နောက်ကျရင်စစ်အာဏာရှင်မရှိတော့ရင် ဂုဏ်သက္ခာရှိရှိ ပျော်ပျော်ရွှင်ရွှင် စိတ်သန့်သန့်နဲ့ ပြုလုပ်နိုင်လိမ့်မယ်။ သို့မဟုတ်ရင် တစ်သက်လုံး စိတ်ဆင်းရဲနဲ့ အလုပ်လုပ်ရလိမ့်မယ်လို့ ကျွန်တော်ပြောချင်တယ်” ဟု ၎င်းကပြောသည်။
ယခုအချိန်တွင် CDM တွင် ပါဝင်သည့် ဝန်ထမ်းများ တာဝန်ကနေယာယီရပ်ဆိုင်းခြင်းရှိသလို၊ ဝေဖန်ခံရခြင်းများလည်းရှိကြောင်း CDM တွင် ပါဝင်သည့် ပညာရေးဝန်ထမ်းဆရာမတစ်ဦးက ပြောသည်။
“ရှိတာပေါ့။ အခုဆိုရင် CDM လုပ်တာ အမျိုးမျိုးပေါ့နော။ တချို့ကဝေဖန်ကြတယ်။ မလုပ်ဖို့ပေါ့နော။ အဲ့ဒါလုပ်ရင် အဖမ်းခံရမယ်။ နောက်ပြီးတော့ သူတို့ ကနှိပ်စက်မယ်ပေါ့နော။ လုံခြုံမှုမရှိဘူး အဲ့လိုမျိုးပေါ့နော” ဟု ၎င်းကပြောသည်။
ယင်းသို့ CDM ဝန်ထမ်းများ ဖိအားပေးခံရခြင်းရှိသော်လည်း လက်မလျော့ဘဲ ဆက်လက်လုပ်ဆောင်ရန် ကယားပြည် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ယူဇူးစံကပြောသည်။
“ဝန်ထမ်းတွေရဲ့ အခက်အခဲကိုလည်း နားလည်ပါတယ်။ သူတို့က တစ်နည်းနည်းနဲ့ဖိအားပေးခံရတာတွေရှိတယ်။ တချို့ဆို အိမ်တိုင်ရာရောက် အကြမ်းနည်းနဲ့ ဖိအားပေးတာတွေလည်းရှိတယ်ပေါ့လေ။ ဒီဟာတွေအပေါ်မှာက ကျမတို့ နောက်ထမ်တောင်းဆိုချင်တာတစ်ခုက ကျမတို့ CDM လုပ်တဲ့ ဝန်ထမ်းတွေကို ဆက်ပြီး CDMလုပ်ခိုင်းစေချင်တယ်။ ဘာလို့လဲဆိုတော့ ကျမတို့ဒါကိုမှမရင်းနိုင်ဘူးဆိုရင် ကျမတို့ မျိုးဆက်သစ်တွေ ဆက်ပြီးရင်းရလိမ့်မယ်။ ဆိုတော့ ကျမတို့ လက်ရှိမှာ ရင်းပေးဖို့လည်းတောင်းဆိုချင်တယ်ပေါ့နော” ဟု ယူဇူးစံက ပြောသည်။
လက်ရှိတွင် ကယားပြည်နယ်လွှတ်တော်ရုံးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက CDM ပြုလုပ်သည့်ဝန်ထမ်းများ တာဝန်မှယာယီရပ်ဆိုင်းခံထားရသည်။
Published
Saturday, February 27, 2021
ဝန်ထမ်းများ CDM မှာ ပါဝင်ပေးရန် စစ်အာဏာရှင့်ဆန့်ကျင်ရေးကော်မတီ တိုက်တွန်း