စစ်ကောင်စီအစိုးရကနေပြီး အသစ်ပြန်လည်ဖွဲ့စည်းလိုက်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံမည့်အစည်းအဝေးကို ကယားတိုင်းရင်းသားပါတီများဖြစ်သော ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP) နှင့် ကယန်းအမျိုးသားပါတီ (KNP) တို့ တက်မည်မဟုတ်ကြောင်း သိရသည်။
ယခုဖွဲ့စည်းထားသည့် ရွေးကောက်ပွဲကော်မရှင်သည် အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းထားပြီး လွတ်လပ်သည့် ရွေးကောက်ပွဲကော်မရှင်မဟုတ်သည့်အတွက် အဆိုပါအစည်းအဝေးကို မတက်ရောက်နိုင်ခြင်းဖြစ်ကြောင်း KySDP အတွင်းရေးမှူး ဦးသဲရယ်က ပြောပါသည်။
ဦးသဲရယ်က “ကျွန်တော်တို့ ပါတီမူဝါဒအရ မတက်ရတာဖြစ်တယ်။ အဓိကတော့ ဒီစစ်အုပ်ချုပ်တာကို ကျွန်တော်တို့ မလိုလားဘူး။ ပြီးတော့မှ တကယ့်လွတ်လပ်မျှတတဲ့ UEC ကိုပဲ လက်ခံတယ်။ အဲ့တာကြောင့် ကျနောတို့ ဒီ UEC လုပ်မယ့် အစည်းအဝေးတွေကိုတော့ မတက်ဖို့ ပါတီက ဆုံးဖြတ်ထားတယ်။ နောက်တစ်ခုက အစည်းအဝေးလို့ ပြောတဲ့နေရာမှာ ဘာအကြောင်းအရာဆွေးနွေးမယ်ဆိုတာကလည်း တိတိကျကျ ဖော်ပြထားတာမရှိတဲ့အခါကျတော့ တက်ရောက်ဖို့ ဆုံးဖြတ်တဲ့အခါလည်း ကျွန်တော်တို့အတွက် အများကြီးအခက်အခဲရှိတယ်ပေါ့နော်” ဟု ပြောပါသည်။
KySDP ပါတီကို ရွေးကောက်ပွဲကော်မရှင်မှ အစည်းအဝေးတက်ရောက်ရန်အတွက် ဖိတ်ကြားစာကို ဖေဖော်ဝါရီ ၂၂ ရက်က ရရှိခဲ့ကြောင်း သိရသည်။
KySDP ပါတီအနေဖြင့် စစ်အာဏာရှင်ချုပ်ငြိမ်းရေး၊ ၂၀၀၈ ဖွ့ဲစည်းပုံအခြေခံဥပဒေဖျက်သိမ်းရေး၊ ဖယ်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေး မူသုံးရပ်အရသော်လည်းကောင်း၊ တိုင်းပြည်အခြေအနေ အရပ်ရပ်ကြောင့်သော်လည်းကောင်း စစ်ကောင်စီမှ ပြန်လည်ဖွဲ့စည်းထားသော ရွေးကောက်ပွဲ ကော်မရှင် အစည်းအဝေးသို့ တက်ရောက်မည်မဟုတ်ပဲ ပြည်သူလူထုနှင့် တစ်သားတည်း ရပ်တည်သွားမည်ဖြစ်ကြောင်း ကြေညာချက်တစ်စောင်ကိုလည်း ဖေဖော်ဝါရီ ၂၄ ရက်က ထုတ်ပြန်ထားသည်။
ကယန်းအမျိုးသားပါတီ (KNP) ကလည်း စစ်အာဏာရှင်သက်ဆိုးရှည်စေမည့် လုပ်ရပ်မျိုးကိုကန့်ကွက်ကြောင်း ပြည်သူနှင့်တသားတည်း ရပ်တည်သွားမည်ကြောင်းနှင့် ပါတီအနေဖြင့် ထိုအစည်းအဝေးသို့ ပါဝင်တက်ရောက်မည်မဟုတ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
Published
Thursday, February 25, 2021
စစ်ကောင်စီ၏ UEC အစည်းအဝေးကို ကယားတိုင်းရင်းသားပါတီနှစ်ခုလုံး တက်ရောက်မည်မဟုတ်