နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် မြန်မာပြည်သူများနှင့်အတူ ရပ်တည်ပေးရန် CRPH ၏ ကုလသမဂ္ဂဆိုင်ရာ အထူးကိုယ်စားလှယ် ဒေါက်တာဆာဆာ တောင်းဆို

နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် မြန်မာပြည်သူများနှင့်အတူ ရပ်တည်ပေးရန် CRPH ၏ ကုလသမဂ္ဂဆိုင်ရာ အထူးကိုယ်စားလှယ် ဒေါက်တာဆာဆာ တောင်းဆို

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) မှ ဒေါက်တာဆာဆာအား ကုလသမဂ္ဂဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်တာဝန်ပေးလိုက်ကြောင်း ဖေဖော်ဝါရီ ၂၂ ရက်တွင် ကြေညာခဲ့ပြီးနောက် နိုင်ငံတကာအသိုင်းဝိုင်းအနေဖြင့် မြန်မာပြည်သူ ၅၄ သန်းနှင့်အတူ ရပ်တည်ပေးကြရန် ဒေါက်တာဆာဆာက ၎င်း၏ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် တောင်းဆိုလိုက်သည်။

 

“ရဲရင့်တဲ့ မြန်မာပြည်သူတွေကိုယ်စား အခုလို တာဝန်ပေးမှုကို ကျွန်တော်လက်ခံပါတယ်။ နိုင်ငံတကာအသိုင်းဝိုင်းအားလုံးကို မြန်မာနိုင်ငံသား ၅၄ သန်းနဲ့အတူ ရပ်တည်ဖို့နဲ့ အာဏာသိမ်းတဲ့ စစ်ခေါင်းဆောင်ခြောက်ဦးနဲ့  လုံးဝလက်မတွဲဖို့ တောင်းဆိုချင်ပါတယ်။ မြန်မာပြည်သူလူထုရဲ့ ဆန္ဒကို လေးစားပြီး သူတို့နဲ့အတူ ရပ်တည်ပေးကြပါ။ “သင့်အနေနဲ့ မြန်မာပြည်သူ ၅၄ သန်းနဲ့အတူ ဒါမှမဟုတ် အာဏာရှင်ခြောက်ဦးနဲ့ ရပ်တည်မလား။ ရဲရင့်တဲ့ မြန်မာပြည်သူလူထုရဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့တော်လှန်ရေးဟာ အောင်မြင်တဲ့လမ်းကြောင်းကို သွားနေပြီဖြစ်တယ်” ဟု ဒေါက်တာဆာဆာက ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

 

ထို့ပြင် စစ်အာဏာသိမ်းမှု ဖန်တီးသူများနှင့် ၎င်းတို့ကို ထောက်ခံသူများအပေါ် သမိုင်းမှ စီရင်ဆုံးဖြတ်မည်ဖြစ်ပြီး လုံးဝ အရှုံးပေးမည်မဟုတ်ဘဲ ဒီမိုကရေစီ၊ လွတ်လပ်ခြင်း၊ ဖက်ဒရယ်နှင့် တရားမျှတမှုများ တည်တံ့လိမ့်မည်ဖြစ်ကြောင်း ဒေါက်တာဆာဆာက ဆက်လက်ရေးသားထားသည်။

 

ဒေါက်တာဆာဆာသည် အာမေးနီးယားနိုင်ငံတွင် ဆေးပညာဒေါက်တာဘွဲ့ရရှိထားသူဖြစ်ပြီး Health and Hope အဖွဲ့ကိုတည်ထောင်ကာ ချင်းပြည်နယ်တွင် ကျန်းမာရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ကိုင်နေသူဖြစ်သည့်အပြင် ဗြိတိသျှတော်ဝင်မိသားစုနှင့်လည်း ရင်းရင်းနှီးနှီးဆက်ဆံမှုရှိသူဖြစ်သည်။ 

 

ပြီးခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ချင်းပြည်နယ် အောင်နိုင်ရေးကော်မတီတွင် ပါဝင်ခဲ့သူဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...