အာဏာသိမ်း စစ်ကောင်စီကဖွဲ့ထားသော UEC နှင့် တွေ့ဆုံမည်မဟုတ်ဟု ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီဆို

အာဏာသိမ်း စစ်ကောင်စီကဖွဲ့ထားသော UEC နှင့် တွေ့ဆုံမည်မဟုတ်ဟု ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီဆို

အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းထားသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC နှင့် တွေ့ဆုံပွဲသို့ တက်ရောက်မည်မဟုတ်ကြောင်း ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ KySDP က ပြောသည်။

ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ KySDP အထွေထွေ အတွင်းရေးမှူး ခူးသဲရယ်က “ကျွန်တော်တို့ ပါတီက ပါတီမူဝါဒအရ နိုင်ငံရေး ခံယူချက် ရပ်တည်ချက်အရ မတက်ဘူးပေါ့နော်။ကျွန်တော်တို့ တက်လို့လည်း အဆင်မပြေတဲ့အခါကျတော့ မတက်ဖို့ ဆိုပြီးတော့မှ ဆုံးဖြတ်ထားပါတယ်” ဟုပြောသည်။

လူထုက ရွေးချယ်တင်မြောက်ထားသည့် အစိုးရက ဖွဲ့စည်းထားသော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် UEC မဟုတ်သည့်အတွက် ယခု UEC လက်ခံရန် ခက်ခဲသည်ဟု ခူးသဲရယ်က ဆက်ပြောသည်။

၎င်းက “ကျွန်တော်တို့က အဓိက လူထုကနေ တရားဝင်ပြီးတော့မှ ဖွဲ့စည်းထားတဲ့ အစိုးရကနေ ပြန်လည်ဖွဲ့စည်း တဲ့ မဟုတ်တဲ့အတွက်ပေါ့နော် ဒီအချိန်မှာတော့ လက်ခံဖို့က ကျွန်တော်တို့အတွက် အခက်အခဲရှိတယ်။ အဲဒါကြောင့် မတက်ဖို့ ပါတီကနေ ဆုံးဖြတ်ထားတာပါ” ဟုပြော သည်။

သို့သော် အခြားတိုင်းရင်းသား ပါတီ တစ်ခုဖြစ်သည့် ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ KNDP ပါတီ အနေ ဖြင့် ရွေးကောက်ပွဲ ကော်မရှင် UEC အသစ်၏ ပါတီများနှင့် တွေ့ဆုံပွဲကို တက်ရောက်ရန် ဆုံးဖြတ်ထားကြောင်း ပါတီ ဥက္ကဋ္ဌ မန်အောင်းပြည်စိုးက ပြောသည်။

မန်းအောင်ပြည်စိုးက “တက်မယ်လို့ စီစဉ်ထားတယ်။ အဲဒါတော့ ကျွန်တော်တို့ ဘာမှ မပြောလိုသေးဘူး။ ကျွန်တော်တို့ တက်နား ထောင် ကြည့်မယ်။ ကျွန်တော်တို့ အခြေအ နေကြည့်မယ်။ သူတို့ ဘာပြောမလဲ လက်ခံတယ်၊ လက်မခံဘူးဘာမှမပြောချင်သေးဘူး”ဟုပြောသည်။

ယခုတွေ့ဆုံမှုသည် အကောင်းဆုံး အခြေအနေတစ်ခု ဖြစ်လာရန် မျှော်လင့်သည်ဟု KNDP ပါတီ ဥက္ကဋ္ဌ က ပြောသည်။

လက်ရှိ အနေအထားအရ တပ်မတာ်က အာဏာသိမ်းလိုက်ခြင်းသည် တိုင်းပြည်အတွက် နစ်နာမှုကို ဖြစ်ပေါ်စေ သည့်အတွက် သက်ဆိုင်ရာ ဘက်နှစ်ဘက်က အမြန်ဆုံးတွေ့ဆုံဆွေးနွေး အဖြေရှာရန် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ KySDP က တိုက်တွန်းသည်။

ခူးသဲရယ်က “နှစ်ဖက်စလုံးကို ကျွန်တော်တို့ တိုက်တွန်းချင်တယ်။ ပြီးတော့မှ ညှိနှိုင်းဆွေးနွေးအဖြေရှာတဲ့ လမ်း ကြောင်းကိုလည်း ဒါဦးတည်စေချင်ပါတယ်။ အခုလိုဖြစ်သွားတဲ့အပေါ်မှာကတော့ ကျွန်တော်တို့ တိုင်းရင်းသား ပါတီ အနေနဲ့လည်း လုံး၀ လက်မခံနိုင်တဲ့ အနေအထားမျိုးဖြစ်တယ်။ နောက်ပြီးတော့မှ လူထုအပေါ်မှာ ရိုက်ခတ် မှုတွေ အဲလိုဖြစ်လာတဲ့အခါကျတော့လည်း ကျွန်တော်တို့ စိတ်မကောင်းဖြစ်ရတယ်ပေါ့နော်။ ဆိုတော့ အစုအဖွဲ့ နှစ်ခုဖြစ်တဲ့ တပ်မတော်နဲ့ အနိုင်ရ အစိုးရဖွဲ့နိုင်လောက်တဲ့ NLD ပါတီကနေ ပြီးတော့မှ အင်အားအကြီးဆုံး အစုအဖွဲ့ နှစ်ခု ဖြစ်တဲ့အတွက် အားလုံး လူထုတွေ ထိခိုက်နစ်နာမှု မဖြစ်အောင်တော့ ဒါလမ်းကြောင်းကို ရွေးချယ်ကြဖို့ ကျွန်တော်တို့ အနေနဲ့လည်း တောင်းဆိုတယ်” ဟုပြောသည်။ 

တပ်မတော်မှ စစ်အာဏာသိမ်းပြီးနောက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို အသစ်ဖွဲ့စည်းခဲ့ပြီး အဆိုပါကော်မရှင်မှ နိုင်ငံရေးပါတီများနှင် ဖေဖော်ဝါရီလ ၂၆ ရက်တွင် တွေ့ဆုံရန် ယမန်နေ့ ဖေဖော်ဝါရီ ၂၂ ရက်က ထုတ်ပြန်ထားသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...