လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမင်းအောင်ကို ရဲကဖမ်း၍ စစ်တပ်ကခေါ်ဆောင်သည့်အပေါ် ဇနီးဖြစ်သူ မေးခွန့်ထုတ်

လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမင်းအောင်ကို ရဲကဖမ်း၍ စစ်တပ်ကခေါ်ဆောင်သည့်အပေါ် ဇနီးဖြစ်သူ မေးခွန့်ထုတ်
by -
ထွန်းခိုင် (နိရဥ္စရာ)

NLD ပါတီဝင် တောင်ကုတ်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမင်းအောင်အား ရဲကဖမ်းပြီး စစ်တပ် ကခေါ်ဆောင်သွားသည့်အပေါ် ဇနီးဖြစ်သူ မမြဝတ်ရည်က မေးခွန်းထုတ်လိုက်သည်။

 

NLD ပါတီဝင် တောင်ကုတ်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမင်းအောင်နှင့်အတူ ကိုသန့်ဇင်ဖြိုး တို့အား ဖေဖော်ဝါရီ ၉ ရက်ညနေပိုင်းတွင် ရဲတပ်ဖွဲ့ကလရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး စစ်တပ်ကခေါ်ဆောင် သွားသည်ဟုရကြောင်း မိသားစုဝင်များက ပြောသည်။

 

ဦးမင်းအောင်၏ ဇနီးဖြစ်သူ မမြဝတ်ရည်က “ဖမ်းတာကတော့ ရဲစခန်းက ဖမ်းထားတာပေါ့နော်။ စခန်းကဖမ်း တာကို စစ်တပ်က ခေါ်သွားတယ်ဆိုတော့။ အမှန်မှာ စခန်းကဖမ်းရင် စခန်းက တာဝန်ယူပြီးတော့ စခန်းက တရား စွဲမယ်လို့တော့ ပြောတယ်။ ဘာကိစ္စကြောင့် စစ်တပ်က ခေါ်သွားရတာလဲ။ အဲဒါတွေကို ကျွန်မ တို့က မေးခွန်းထုတ်ချင်တယ်။ အခုက သူတို့အတွက် အရမ်းစိုးရိမ်နေရတယ်” ဟုပြောသည်။

 

တပ်မတော်ကအာဏာသိမ်းမှုအပေါ် ဖေဖော်ဝါရီ ၉ ရက်က တောင်ကုတ်မြို့တွင် ဆန့်ကျင် ဆန္ဒပြခဲ့မှုဖြစ်ပွားခဲ့ ပြီးနောက် ညနေပိုင်းတွင် ဦးမင်းအောင်နှင့် ကိုသန့်ဇင်ဖြိုးတို့ နှစ်ဦးကို ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ကြောင်း သိရသည်။

 

“သူတို့ကို ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာကိုလည်း မသိရပါဘူး။ ကျွန်မတို့ ရဲစခန်းကိုလည်း လှမ်းမေးတာပေါ့။ ကိုမင်းအောင်တို့ကို ဘယ်နေရာမှာ ထိန်းသိမ်းထားလဲလို့ စစ်တပ်က ခေါ်သွားတယ်လို့ပဲ သိရတယ်။ ဘယ်တပ်က ခေါ်သွားတယ်လို့လည်း သူတို့ မပြောဘူး ” ဟု မမြဝတ်ရည်က ပြောသည်။

 

သူတို့ကို ဖမ်းဆီးခံရပြီးနောက်ပိုင်း မိသားစုနှင့်လည်း ယခုအချိန်ထိ အဆက်အသွယ်မရသေးကြောင်း ၎င်းက ပြောကြားသည်။

 

“တခြားလူတွေလို အချုပ်ခန်းထဲမှာ ထည့်ထားတယ်ဆိုရင်တော့ အိမ်ကလည်း ပစ္စည်းပစ္စယတွေသွားပို့ လို့ရ တယ်။ အခုက ဘယ်နေရာမှာချုပ်ထားမှန်းလည်း မသိဘူး။ ဘယ်ရောက်နေမှန်းလည်း မသိတဲ့အတွက် ကျွန်မ တို့လည်း အရမ်းစိတ်ပူရတယ်” ဟ ၎င်းကပြောသည်။

 

၄င်းတို့ နှစ်ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖြင့် တောင်ကုတ်မြို့မ ရဲစခန်းတွင် အမှုဖွင့်ထားခြင်းမှာလည်း မသေချာကြောင်း မမြဝတ်ရည်က ပြောသည်။

 

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ တောင်ကုတ်မြို့နယ် ရဲစခန်းသို့ ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေကြားခဲ့ခြင်းမရှိပေ။

 

လွှတ်တော်ကိုယ်စားလှယ်စောင်း ဦးမင်းအောင်သည် ၂ဝ၂ဝ ပြည့်နှစ်၊ အောက်တိုဘာ ၁၄ ရက်တွင် ရက္ခိုင့်တပ်တော်(AA)အဖွဲ့၏ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး် ၂ဝ၂၁ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ပြန်လည် လွတ်မြောက်လာခဲ့သူဖြစ်သည်။

 

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...