နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်ခံထားရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကို ယနေ့ (ဖေဖော်ဝါရီ ၂၂ ရက်) တွင် ဗွီဒီယိုအွန်လိုင်းစနစ်ဖြင့် စစ်တွေမြို့နယ်တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့ကြောင်း ၎င်းအမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေများထံမှ သိရသည်။
ဝန်ကြီးချုပ်ဦးညီပုကို စစ်တွေမြို့ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းက တရားလိုပြုလုပ်ကာ တရားစွဲဆိုခြင်းဖြစ်ပြီး အမှုကို လာမည့် မတ် ၄ ရက်ကို ထပ်မံရုံးချိန်းလိုက်ကြောင်း အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် သဇင်ဥပဒေအထောက်အကူအပြုအဖွဲ့မှ ဒါရိုက်တာ ဦးမျိုးမြတ်ဟိန်းက ပြောသည်။
“ဒီနေ့ ဗွီဒီယိုအွန်လိုင်းစနစ်နဲ့ ရုံးထုတ်တယ်။ကျွန်တော်တို့က ရှေ့နေကိုယ်စားလှယ်လွှဲစာ တင်တယ်။အမှုကို ရှေ့လ ၄ ရက်နေ့ကို ချိန်းလိုက်တယ်။ အဲဒီနေ့မှာ မှုခင်းစီမံခန့်ခွဲမှုလုပ်သွားမယ်။သူလည်း (ဦးညီပု)ကျန်းကျန်း မာမာတွေ့ရတယ်” ဟု ၎င်းကပြောသည်။
ဝန်ကြီးချုပ်ဦးညီပုကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့်တရားစွဲဆိုရခြင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ထုတ်ပြန်သည့်ကြေငြာချက်များနှင့်ပတ်သက်၍ တရားစွဲခြင်းဖြစ်သည်ဟု ကနဦး သိရှိရကြောင်း အမှုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေများက ပြောသည်။
စစ်တပ်က နိုင်ငံတော်အာဏာကို လုယူခဲ့ပြီးနောက် ရခိုင်ဝန်ကြီးချုပ်ဦးညီပုကို ဖေဖော်ဝါရီ ၁ ရက်တွင် ဖမ်းဆီးခဲ့ပြီး နှစ်ရက်အကြာတွင် နေအိမ်အကျယ်ချုပ်ဖြင့် ပြန်လည်လွှတ်ပေးခဲ့သော်လည်း ဖေဖော်ဝါရီ ၁၀ ရက်တွင် ဒုတိယအကြိမ်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ အဆက်အသွယ်မရသေးကြောင်း သမီးဖြစ်သူ မကြည်ကြည်ဦးက ပြောသည်။
“ရုံးထုတ်တာကိုလည်း မသိပါဘူး။ ကျမတို့နဲ့ အဆက်အသွယ်မရပါဘူး။ ၅၀၅ (ခ) နဲ့ တရားစွဲတယ်လို့ သတင်းတွေမှာတော့ ဖတ်ရပါတယ်။ အဖေရဲ့ ကျန်းမာရေးကို အဓိကစိတ်ပူတယ်။ အမြန်ဆုံး ပြန်လွှတ်ပေးပါလို့ တောင်းဆိုချင်တယ်” ဟု သူကဆိုသည်။
လက်ရှိတွင် ရခိုင်ဝန်ကြီးချုပ်ကို တရားစွဲဆိုထားသော နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ - ၅၀၅ (ခ) သည် အမြင့်ဆုံးထောင်ဒဏ် နှစ်နှစ်အထိ ချမှတ်ခံရနိုင်ပေသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဖေဖော်ဝါရီ ၁၇ ရက်စွဲဖြင့် ထုတ်ပြန်ချက်အရ စစ်ကောင်စီမှ ဖမ်းဆီး၊တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံထားရသူ ၄၆၀ ကျော်ရှိကြောင်း သိရသည်။