မွန်ပြည်နယ် စီမံအုပ်ချုပ်မှုကောင်စီတွင် အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းထားသည့် ဥက္ကဌနေရာတွင်ခန့်အပ်ထားသော ဒေါက်တာတင်ဌေး နေရာတွင် ဦးဇော်လင်းထွန်းကို ပြောင်းလဲခန့်အပ်ထားကြောင်း ဖေဖော်ဝါရီ ၂၁ ရက်က ထုတ်ပြန်ခဲ့သည်။
ထို့ပြင် မွန်ပြည်နယ် နစကတွင် လစ်လပ်နေသည့် အဖွဲ့ဝင်ရာထူးအတွက် မွန်ညီညွတ်ရေးပါတီမှ နိုင်လယိတမကိုခန့်အပ်ခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ် စီမံအုပ်ချုပ်မှုကောင်စီဥက္ကဌ ဒေါက်တာတင်ဌေးသည် ပြီးခဲ့သောရက်ပိုင်းအတွင်းက နုတ်ထွတ်ခဲ့သည်ဟုဆိုသော်လည်း အတည်မပြုနိုင်ခင် ဖေဖော်ဝါရီ ၂၁ ရက်နေ့ည ကြေညာချက်တွင် ဥက္ကဌနေရာတွင် ဦးဇော်လင်းထွန်းကို ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
ဦးသိန်းစိန်အစိုးရလက်ထက်တွင် ဦးဇော်လင်းထွန်းသည် မွန်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးဖြစ်ခဲ့ပြီး ရာထူးမှ အငြိမ်းစားယူပြီးနောက် မွန်ပြည်နယ် YMBA ၏ ဥက္ကဌအဖြစ် တာဝန်ယူနေသူဖြစ်ကြောင်း သိရသည်။
ထို့အတူ အဖွဲဝင်အဖြစ်ခံအပ်ထားသည့် နိုင်လယိတမ မွန်ညီညွတ်ရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီတွင် တွဲဘက်အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ပါတီပြောရေးဆိုခွင့်ရှိသူအဖြစ်လည်းကောင်း တာဝန်ယူထားသူဖြစ်သည်။
ထို့ပြင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် သံဖြူဇရပ်မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်အမှတ် (၂) တွင် ရွေးကောက်ခံထားရသူလည်း ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီတွင် ပါဝင်ရန် မွန်ညီညွတ်ရေးပါတီက ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးခေါ်ကာ ဆုံးဖြတ်ထားခဲ့ကြောင်း သိရသည်။
Published
Monday, February 22, 2021
မွန်ပြည်နယ် နစကတွင် ဥက္ကဌနေရာပြောင်းလဲပြီး မွန်ညီညွတ်ရေးပါတီမှတစ်ဦး အဖွဲ့ဝင်အဖြစ်ပါဝင်လာ