ရှမ်းပြည်နယ် မြို့နယ်ခြောက်ခုတွင် စစ်အာဏာသိမ်းဆန့်ကျင်မှုကြောင့် ဖမ်းဆီးခံရသူ ၁၆ဦးရှိ

ရှမ်းပြည်နယ် မြို့နယ်ခြောက်ခုတွင် စစ်အာဏာသိမ်းဆန့်ကျင်မှုကြောင့် ဖမ်းဆီးခံရသူ ၁၆ဦးရှိ
by -
ယိင်းတိုင်း (သျှမ်းသံတော်ဆင့်)

ရှမ်းပြည်နယ်မြို့နယ်ခြောက်ခုတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှုကြောင့် ပြည်သူ ၁၆ဦး ဖမ်းဆီးခံရပြီး လက်ရှိအချိန်ထိ ပြန်လည် လွတ်မြောက်ခြင်းမရှိသေးကြောင်း စုံစမ်းသိရသည်။

 

အဆိုပါ ဖမ်းဆီးရသူများမှာ မူဆယ်မြို့တွင် ငါးဦး၊ ကွန်းဟိန်းတွင် နှစ်ဦး၊ ကာလိတွင် တစ်ဦး၊ လာရှိုးမြို့တွင် သုံးဦး၊ ကျိုင်းတုံမြို့တွင် လေးဦး နှင့် မိုင်ပန်မြို့တွင် တစ်ဦးစုစုပေါင်း ၁၆ဖြစ်ကြောင်း သျှမ်းသံတော်ဆင့်အနေဖြင့် စာရင်းကောက်ခံရရှိထားသည်။၊ 

 

တပ်မတော်က နိုင်ငံတော် အာဏာကို အဓမ္မသိမ်းယူခဲ့သော ဖေဖော်ဝါရီ ၁ရက်နောက်ပိုင်းတွင် မြန်မာနိုင်နိုင်ငံတဝှမ်း၌ အာဏာသိမ်းမှုအား ငြိမ်းချမ်းစွာ ဆန့်ကျင်သည့် ဆန္ဒပြပွဲများ နေရာအနှံ့ ပေါ်ပေါက်လာပြီး ရဲတပ်ဖွဲ့နှင့် စစ်တပ်ကလည်း အင်အားသုံး ဖြိုခွင်းမှုများ၊ ဖမ်းဆီးမှုများကို ဥပဒေမဲ့ ပြုလုပ်လျက်ရှိသဖြင့် သေဆုံးသူ၊ ဒဏ်ရသူနှင့်ဖမ်းဆီးခံရသူများ အမြောက်အများရှိနေသည်။

 

ထို့ပြင် ဖမ်းဆီးခံရသည့် ပြည်သူများကို မည်သည့်နေရာတွင် ခေါ်ယူထိန်းသိမ်းထားသည်ကို မသိရှိရသကဲ့သို့ မည်သည့်အမှုဖြင့် ဖွင့်ဆို တရားစွဲထားသည်ကိုလည်း မသိရှိရသေးကြောင်း ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များက သျှမ်းသံတော်ဆင့်ကို ပြောသည်။

 

“ ကျွန်တော်တို့ မူဆယ်မှာ ငါးယောက်ဖမ်းသွားတယ်။ ခုချိန်ထိ ဘယ်နေရာမှာရှိနေလဲ မသိဘူး။ ဘာအမှုနဲ့လဲ ကောင်းကောင်း မသိဘူး။ ပြောနေတာတော့ သဘာဝဘေးအန္တရာယ်နဲ့ဘဲ သိတယ်” ဟု မူဆယ်ဒေသခံ ကိုစိုင်းမြင့်က ပြောသည်။

 

ထိုသို့ဖမ်းဆီးသွားသော မူဆယ်မြို့ဒေသခံ ငါးဦးမှာ NLDမှ  နှစ်ဦး၊ အခွန်ကောက်ရုံးဝန်ထမ်း နှစ်ဦး နှင့် ဆန္ဒပြည်သူတစ်ဦးတို့ ဖြစ်ကြောင်း သိရသည်။

 

အလားတူ ကွန်ဟိန်းမြို့တွင်ဖမ်းသွားသူ နှစ်ဦးနှင့် ကာလိမြို့တွင် တစ်ဦးတို့ကို ခုနစ်ရက်ပြည့်ပြီးနောက် လွှတ်ပေးမည်ပြောသော်လည်း ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်းသိရသည်။ 

 

“ ပြန်မလာသေးဘူး။ အဆက်သွယ်လည်း မရဘူး။ ပြောတာတော့ ခုနစ်ရက်ပြည့်ရင်ပေါ့နော်။ ခုချိန်ထိတော့ ပြန်လာတာမတွေ့ရသေးဘူး။ ကျွန်မတို့ကတော့ တော်တော် စိတ်ပူရတယ်” ဟု ကွန်ဟိန်းတွင် ဖမ်းဆီးခံရသူ၏ မိသားစုဝ်တစ်ဦးက ပြောသည်။

 

ထိုနည်းတူ ကျိုင်းတုံမြို့တွင် ဖမ်းဆီးခံရသည့် လေးဦးသည် လက်ရှိ အချိန်ထိ မလွတ်မြောက်သေးကြောင်း သိရသည်။

 

ကျိုင်းတုံတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြပြီး ဖမ်းဆီးခံရသူများတွင် ကျောင်းဆရာမ နှင့် အမျိုးသမီးများပါဝင်နေကြောင်း သိရသည်။

 

တပ်မှ ဆန္ဒပြသူများကို နေ့စဉ်ဖမ်းဆီးမှုများပြုလုပ်နေသော်လည်း စစ်အာဏာကျရှုံးစေရန် အတွက် ြည်သူများက ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများကို အရှိန်မြင့်ကာ နည်းမျိုးစုံဖြင့် ဆက်လက်တိုက်ပွဲဝင်လျက်ရှိကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...