နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီတွင် ပါတီ ထိပ်ပိုင်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါ်အေးနု စိန်ပါဝင်နေမှုကို ကာလတစ်ခုအထိစောင့်ကြည့်သွားမည်ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) ၏ ဗဟိုကော်မတီအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မြောက်ဦးမြို့အလိုတော်ပြည်ကျောင်းတိုက်၌ ဖေဖော်ဝါရီ ၁၂ ရက်မှ ၁၄ ရက်အထိ သုံးရက်တိုင် ကျင်းပခဲ့သော ရခိုင်အမျိုးသားပါတီ (ANP) ၏ ဗဟိုကော်မတီအစည်းအဝေးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီတွင် ကောင်စီဝင်အဖြစ် ပါတီ ထိပ်ပိုင်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါ်အေးနု စိန်ပါဝင်နေမှုအပေါ် ဆွေးနွေးခဲ့ပြီး ထိုသို့ စောင့်ကြည့်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပါတီဥက္ကဋ္ဌဖြစ်သူ ဦးသာထွန်းလှက ပြောသည်။
ပါတီဥက္ကဋ္ဌဖြစ်သူ ဦးသာထွန်းလှက “ဒီနိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှာ ကောင်စီဝင်အဖြစ် ဒေါ်အေးနုစိန် ပါဝင်နေမှုကို ဆက်စပ်ညှိနှိုင်းရေး ကာလတစ်ခုထိ စောင့်ကြည့်သွားမှာ ဖြစ်တယ်။ ဖြစ်ပေါ်လာတဲ့ အခြေအနေအရ ကော်မတီဝင်အဖြစ် ပါဝင်နေမှုအပေါ် သုံးသပ်ဆုံးဖြတ်သွားမယ်ဆိုပြီး အဲလို ကျွန်တော်တို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်”ဟု ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ပါတီမှ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါ်အေးနုစိန် ပါဝင်နေခြင်း နှင့် ပတ်သက်၍အစည်းအဝေးတွင် အကြိတ်အနယ်ဆွေးနွေးခဲ့သည်ဟု ဦးသာထွန်းလှက ပြောသည်။
လက်ရှိတွင် ရခိုင်အမျိုးသားပါတီမှ ဒေါ်အေးနုစိန် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီတွင် ပါဝင်နေမှုနှင့် ပတ်သက်၍ ပြည်သူများ ဝေဖန်လျက်ရှိကြောင်း သိရသည်။
ပါတီဝင်၈၀ ကျော် တက်ရောက်ခဲ့သည့် အဆိုပါတီ၏ ဗဟိုကော်မတီအစည်းအဝေးတွင် နိုင်ငံတော် စီမံအုပ်ချုပ် ရေးကောင်စီတွင် ပါတီခေါင်းဆောင်တစ်ဦး ပါဝင်နေမှုအပါအဝင် အချက်သုံးချက်ကို ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ အခုလုပ်တဲ့ ဗဟိုကော်မတီ အစည်းအဝေးမှာ ဆုံးဖြတ်ချက် သုံးခုကို ချခဲ့ပါတယ်။ အဲဒီ ဆုံးဖြတ် ချက်ကတော့ ရခိုင်အမျိုးသား ပါတီအနေနဲ့ နံပါတ် (၁) ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ ထာဝရငြိမ်းချမ်းသော ပြည်နယ်တစ်ခု ဖြစ်ပေါ်လာရေးအတွက် စီမံခန့်ခွဲပိုင်ခွင့်ရရှိအောင် ဆက်လက် ဆောင်ရွက် သွားမယ်ဆိုတဲ့ အချက်က တစ်ချက်ပါ။ နောက် တစ်ချက်က ရခိုင်အမျိုးသား အကျိုးစီးပွားကို တန်ဖိုးထား အသိအမှတ်ပြုသော အဖွဲ့အစည်းများနဲ့ ဆက်စပ်ညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက် ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းမည်ဆိုပြီး အဲတာက ဒုတိယ အချက်ပါ။ နောက် နံပါတ် (၃) အချက်ကတော့ ဒီနိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှာ ကောင်စီဝင်အဖြစ် ဒေါ်အေးနုစိန် ပါဝင်နေမှုကိစ္စကို ကာလတစ်ခုထိစောင့်ကြည့်ဖို့ဆုံးဖြတ်တာဖြစ်ပါတယ်” ဟု ဦးသာထွန်းလှက ပြောသည်။
ယခုအခါ ရခိုင်အမျိုးသားအကျိုးစီးပွားကို တန်ဖိုးထား အသိအမှတ်ပြုသော အဖွဲ့အစည်းများနှင့် ဆက် စပ်ညှိနှိုင်း ဆောင်ရွက်ရန်အတွက် ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းခဲ့ပြီး ၎င်းအဖွဲ့အစည်းကို ပါတီ ဥက္ကဋ္ဌကိုယ်တိုင် ဦးဆောင်သွားမည်ဟု ဆိုသည်။
ရခိုင်ပြည်နယ်တွင် ရခိုင်အမျိုးသားပါတီသည် လူထုထောက်ခံမှု အများဆုံးရနေသော ပါတီတစ်ခုဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော် လေးနေရာ၊ ပြည်သူ့လွှတ်တော် လေးနေရာနှင့် ပြည်နယ်လွှတ်တော် ခုနစ်နေရာ၊ စုစုပေါင်း ၁၅ နေရာဖြင့် လွှတ်တော်နေရာအများဆုံးအနိုင်ရရှိထားသည်။
Published
Tuesday, February 16, 2021
အာဏာသိမ်းတပ်ကဖွဲ့စည်းထားသည့်ကောင်စီတွင် ပါတီထိပ်ပိုင်ခေါင်းဆောင်တစ်ဦးပါဝင်နေမှုကို ကာလတစ်ခု ထိ စောင့်ကြည့်ရန် ANP ဆုံးဖြတ်