ကရင်ပြည်နယ် ဖားအံမြို့တွင် ယနေ့(ဖေဖော်ဝါရီ ၁၃ရက်) ပြုလုပ်သည့် စစ်အာဏာသိမ်း ဆန့်ကျင်ရေး ကန့်ကွက်ဆန္ဒပြပွဲ ခြောက်ရက်မြောက်နေ့တွင် ကရင်ပြည်နယ် ရဲတပ်ဖွဲ့ခွဲမှ ရဲတပ်သား နှစ်ဦး ပြည်သူနှင့်အတူ ဝင်ရောက်ပူးပေါင်းလာခဲ့ကြောင်း သိရသည်။
ဖားအံမြို့ ကန်သာယာအရှေ့ လမ်းမကြီးပေါ်တွင် နံနက် ၉ နာရီဝန်းကျင်မှ နေ့လည် ၁၂နာရီအထိ ဆန္ဒပြ ပြည် သူများ ထိုင်သပိတ်ပြုလုပ်ပြီးချိန်တွင် အဆိုပါရဲတပ်သား နှစ်ဦးမှာ “မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကရင်ပြည်နယ် ရဲတပ် ဖွဲ့ခွဲ ပြည်သူနှင့်အတူ” စာသားပါ ဆိုင်းဘုတ်ကိုင်ပြီး လာရောက်ပူးပေါင်း ပါဝင်ခြင်းလည်းဖြစ်သည်။
“ ဒီနေရာမှာ ပြောချင်တာမဟုတ်ဘူး။ သူတို့နဲ့ ကျွန်တော်မျက်နှာချင်းဆိုင်ကို စကားအေးဆေးပြောချင်တာ CDM သဘောသဘာဝက ဝန်ထမ်းတွေအကုန်လုံးပါရမှာ ဝန်ထမ်းတွေ အကုန်ပါမှရမယ်။ ကျွန်တော်တို့ နှစ်ယောက်က အစပဲရှိသေးတယ်။ နောက်မှာ လိုက်မယ့် လူတွေအများကြီးရှိတယ်”ဟု လူထုနှင့်အတူ လာရောက်ပူး ပေါင်းချိန်တွင် ထိုရဲတပ်ဖွဲ့ဝင် နှစ်ဦးက ပြောသည်။
အဆိုပါ ရဲတပ်ဖွဲ့ဝင် နှစ်ဦး ဆန္ဒပြပြည်သူနှင့်အတူ ဝင်ရောက်ပူးပေါင်းပြီးနောက် သပိတ်စစ်ကြောင်းအဖွဲ့မှ ဖားအံကမ်းနားလမ်းသို့ ပြန်လည်ထွက်သည့်အချိန်တွင် သပိတ်စစ်ကြောင်းလမ်းကို ရဲတပ်ဖွဲ့ဝင်များ၏ မိနစ်အနည်းငယ်တားဆီးပိတ်ဆို့ထားမှုဖြစ်ပေါ်ခဲ့သေးသည်။
ဖေဖော်ဝါရီ ၁၃ရက်က ဖားအံမြို့တွင် ပြုလုပ်သည့် စစ်အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြပွဲတွင် ယခင်ရက်နည်းတူ အစိုးရ ဌာနဆိုင်ရာ ဝန်ထမ်းများအပါအဝင် အလွှာအသီးသီးမှ ပြည်သူလူထုသောင်းချီ ပူးပေါင်းပါဝင်ခဲ့ကြသည်။
တိုင်းနှင့်ပြည်နယ်အချို့တွင် ပြုလုပ်သည့် စစ်အာဏာရှင် ဆန့်ကျင်ရေး CDM (Civil Disobedience Movement) လှုပ်ရှားမှုအတွင်း ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်လာမှုများရှိပြီး ကရင်ပြည်နယ်အနေဖြင့် ယခု ရဲတပ်ဖွဲ့ဝင်နှစ်ဦး ပူးပေါင်းပါဝင်လာမှုမှာ ပထမဦးဆုံးဖြစ်သည်။