စစ်အာဏာသိမ်းမူအား ဆန့်ကျင်သည့် ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သသောကချင်ပြည်နယ် ပူတာအိုမြို့ရှိ အ.ထ.က(၁) ကျောင်းမှ ဆရာနှစ်ဦးကို ရဲများရှာဖွေနေကြောင်း ပူတာအိုဒေသခံများထံမှ သိရသည်။
"ကျွန်တော်တို့ သိရသလောက်တော့ ဆရာနှစ်ဦးလို့ဘဲ သိရတယ်။ မနေ့က ညနေ၅ နာရီဝန်းကျင်လောက်မှာ ရဲတွေက အိမ်မှာလာရှာတယ်လို့သိရတယ်။ဆရာနှစ်ဦးကတော့ ထွက်ပြေးတိမ်းရှောင်နေရတဲ့အနေထားမှာရှိနေတယ်။ ဒေသခံတစ်ယောက် အနေနဲ့တော့ ပြောချင်တာက ဒီဆရာနှစ်ယောက်က ဆန္ဒပြဦးဆောင်တဲ့သူတွေလည်းမဟုတ်ဘူး။ ပါဝင်တဲ့အနေထားဆိုတာ လောက်ဘဲရှိတယ်။ပြီးတော့ ကျောင်းဆရာတွေဆိုတာက ကောင်းရာကောင်းကြောင်း သင်ကြားနေတဲ့ဆရာတွေလေ အဲထဲမှာမှ တပ်မတော်သားဖြစ်လာမယ့်သူတွေကို သင်ကြားတဲ့ဆရာတွေဘဲလေ။ ဆိုတော့ ကျောင်းဆရာတွေကို ဒီလိုခြိမ်းခြောက်တဲ့ပုံစံလုပ်နေတာကတော့ လုံးဝမဖြစ်သင့်ဘူးလို့မြင်တယ်။ဟု ပူတာအို ဒေသခံများက ပြောသည်။
အဆိုပါကျောင်းဆရာ နှစ်ဦးသည် အ.ထ.က ပူတာအိုမှ ဆရာကျော်သူနှင့်ဆရာနေဆန်းတို့ဖြစ်ပြီး လက်ရှိချိန်တွင်ထွက်ပြေး တိမ်းရှောင်နေဖွယ်ရှိသည်ဟု ဆိုသည်။
စစ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၈ရက်မှစတင်ကာ ကချင်ပြည်နယ်ရှိမြို့နယ်တိုင်းတွင် စစ်အာဏာသိမ်းခြင်းအား ဆန့်ကျင်သည့် ဆန္ဒထုတ်ဖော်လျက်ရှိပြီး ပူတာခရိုင်တွင်လည်း ဆန္ဒထုတ်ဖော်သူများသည် တစ်ရက်ထက်ရက်ပိုမိုများပြား လာကြောင်း သိရသည်။
ထိုသို့ ဆန္ဒပြရာတွင် ပညာရေးဝန်ထမ်းများ၊စည်ပင်ဝန်ထမ်းများ၊ဌာနဆိုင်ရာ အသီးသီးမှဝန်ထမ်းများစွာပါဝင်လာကြောင်း သိရ သည်။
ဆန္ဒထုတ်ဖော်ရာတွင် ပြည်သူများနှင့်ဌာနဆိုင်ရာများ ပညာရေးဝန်ထမ်းများအများအပြားပါဝင်ခဲ့သော်လည်း ယင်းကျောင်းဆရာနှစ်ကိုသာ လာရောက်ရှာဖွေစုံစမ်းနေခြင်းသည် လူ့အခွင့်အရေး၊နိုင်ငံသားအခွင့်အရေးမရရှိနေခြင်းဖြစ်ကြောင်း ဒေသခံအချို့က သုံးသပ်ပြောဆိုကြသည်။
“ဘယ်လိုမျိုးဟာကို ကြည့်ပြီးတော့ စုံစမ်းနေလဲဆိုတာတော့ ကျွန်တော်တို့လည်းမသိရဘူး။ ဒါပေမယ့် နိုင်ငံသားတစ် ယောက်အနေနဲ့အခွင့်အရေးကို ပြောမယ်ဆိုရင် နိုင်ငံသားအခွင့်အရေး မရသလိုဖြစ်နေတယ်လို့မြင်တယ်”ဟု အမည်မဖော်လိုသူဒေ သခံတစ်ဦးက သုံးသပ်သည်။