မာန်အောင်တွင် ဆန္ဒပြသူများထဲမှနှစ်ဦး ငြိမ်းစုစီဥပဒေဖြင့် အမှုဖွင့်ခံရ

မာန်အောင်တွင် ဆန္ဒပြသူများထဲမှနှစ်ဦး ငြိမ်းစုစီဥပဒေဖြင့် အမှုဖွင့်ခံရ
by -
မင်းထွန်း (DMG)

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဖေဖေါ်ဝါရီ ၆ ရက်စတင်ကာ ဆန္ဒဖော်ထုတ်မှုများဖြစ်ပေါ်ခဲ့ပြီး ယနေ့ (ဖေဖေါ်ဝါရီလ ၁၁ ရက်) နေ့တွင် ဆန္ဒပြသူများထဲမှ နှစ်ဦး ငြိမ်းစုစီဥပဒေဖြင့် အမှုဖွင့်ခံထားရကြောင်း သိရသည်။

 

ဆန္ဒဖော်ထုတ်သူများထဲမှ ဦးဝင်းနိုင်နှင့် ဦးကျော်ဆွေတို့နှစ်ဦးကို ငြိမ်းစုစီဥပဒေပုဒ်မ - ၁၉ ဖြင့် အမှုဖွင့်လှစ်ထားကြောင်း မာန်အောင်မြို့မရဲစခန်းမှ ဂတ်စာရေး ဦးဇော်ဝင်းမြင့်က ပြောသည်။

 

“သူတို့နှစ်ယောက်ကို ငြိမ်းစုစီပုဒ်မ-၁၉ ဖြင့် အမှုဖွင့်ထားတယ်။ အခုတို့ သူတို့ကို စခန်းမှာ ထိန်းသိမ်းထားတယ်” ဟု ၎င်းကပြောသည်။

 

ယင်းသို့ အမှုဖွင့်ခံရခြင်းအား မိသားစုမှစိုးရိမ်နေကြပြီး ရဲစခန်းမှ စစ်ဆေးမေးမြန်းပြီးပါက ပြန်လည်ပို့ဆောင်ပေးမည်ဟု ပြောဆိုသွားကြောင်း ဦးကျော်ဆွေ၏မိသားစုဝင် ကိုမောင်တင်လှိုင်ကဆိုသည်။

 

“ရဲတွေကလဲ ပြန်ပို့ပေးမယ်လို့ပြောသွားတယ်။ အမှု့ဖွင့်တယ်၊ မဖွင့်ကိုတော့ ကျွန်တော်တို့မသိသေးဘူး။ ပြန်ပို့ပေးလာမယ်ဆိုတဲ့အတိုင်း ကျွန်တော်စောင့်နေတယ်” ဟု ၎င်းကဆိုသည်။

 

မာန်အောင်မြို့တွင် ဆန္ဒဖော်ထုတ်ခဲ့မှုဖြင့် မခင်ထိပ်ထားလှိုင်၊ ကိုဟန်မင်းစိုး၊ ကိုခန့်ဝေလင်း၊ မအိဆုမွှန်၊ ဦးဖိုးနွဲ့ ကိုအောင်မြဦး၊ ကိုမျိုးလင်းဇော်၊ မအေးမိမိခိုင်တို့ကိုလည်း ငြိမ်းစုစီတင်ပြီးမှ ဆန္ဒထုတ်ဖော်ပွဲပြုလုပ်ရန်အတွက် ရဲတပ်ဖွဲ့မှ ခေါ်ယူသတိပေးခဲ့ပြီး ခံဝန်ထိုးခိုင်းခဲ့ကြောင်း သိရသည်။

 

ယနေ့ ဆန္ဒဖော်ထုတ်စဉ် ရဲတပ်ဖွဲ့မှလာရောက်ကာ လူစုခွဲရန်ပြောဆိုခဲ့သကဲ့သို့ ဆန္ဒပြသူများသွားရာလမ်းတွင် ပိတ်ဆို့တားဆီးမှုများလည်း ရှိခဲ့သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...