မြန်မာ့တပ်မတော်မှ ဖေဖော်ဝါရီ ၁ ရက်က စစ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းအမျိုးသားတပ်ဦး (CNF) က ၎င်းတို့၏ မိသားစုဝင်များကို အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ်တွင် နိုင်ငံရေးခိုလှုံခွင့်ရရှိနိုင်ရန်အတွက် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က တရားဝင်တောင်းဆိုခဲ့ကြောင်း အိန္ဒိယအခြေစိုက်သတင်းဌာများ၏ ဖော်ပြချက်အရ သိရသည်။
လက်ရှိ နိုင်ငံရေးအခြေအနေကြောင့် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ယခုကဲ့သို့ တောင်းခံရခြင်းဖြစ်ကြောင်း ခိုလှုံခွင့်တောင်းခံရခြင်းနှင့်ပတ်သက်၍ ချင်းအမျိုးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။
“ယာယီနေထိုင်ခွင့်အတွက် ဒေသအစိုးရကို မေတ္တာရပ်ခံတာပါ။ မိသားစု လေး၊ ငါးဆယ်အတွက်ပေါ့။ စစ်တပ်က အာဏာရယူပြီးနောက်ပိုင်း မိုးမပြို ပြိုခဲ့သော်ဆိုတဲ့သဘောပါ။ တခုခုဖြစ်မိခဲ့ရင် အဓိက ထိခိုက်လာနိုင်မည့် မိသားစုကလေးငယ်တွေအတွက် ကြိုတင်ပြင်ဆင်ထားတာပါ။ ပြီးတော့ ယခုနိုင်ငံရေးအကြပ်အတည်းကြောင့် ပြည်သူတွေလည်း တိမ်းရှောင်လာနိုင်တယ်လေ။ ဒါတွေအတွက်လည်း ကြိုတင်ပြင်ဆင်တားတဲ့သဘောပါ” ဆလိုင်းထက်နီကပြောသည်။
CNF သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချူပ် NCA ကို လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ယခုလက်ရှိတွင် ၎င်းတို့၏ ဝိတိုရိယဌာနချူပ်သည် ချင်းပြည်နယ် ထန်တလန်မြို့နယ်တွင်ရှိသည်။
“ဒါက လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ မလွှဲသာမရှောင်သာ လုပ်ရမှာပဲလေ၊ တိ်ုက်ပွဲဖြစ်မလား မဖြစ်မလားဆိုတာက NCA အရ နှစ်ဖက် ဆက်ဆံမှု ယုံကြည်မှုအပေါ်မှာ မူတည်တယ်" ဟု CNF ပြောရေးဆိုခွင့်ရှိသူကပြောသည်။
ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ် ကျန်ဖိုင်း ခရိုင်အုပ်ချူပ်ရေးမှူးကလည်း ပြီးခဲ့သည့်အင်္ဂါနေ့ကတည်းက မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှုကြောင့် ဒုက္ခသည်များ အစုလိုက်အပြုံလိုက် ဝင်ရောက်လာနိုင်ခြင်းနှင့်ပတ်သက်၍ ကြိုတင်သတိပေးထားပြီးဖြစ်သလို မြန်မာနိုင်ငံမှ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မည်သည့်ဒုက္ခသည်မဆို မိမိတို့ကျေးရွာအတွင်း ရောက်ရှိလာပါက ခရိုင်အုပ်ချုပ်ရေးမှူးရုံးသို့ အကြောင်းကြားရန် ညွှန်ကြားထားခဲ့ပြီးဖြစ်သည်။
မီဇိုရမ်ပြည်နယ်ရှိ အင်အားကောင်းသည့် ကျောင်းသားအဖွဲ့အစည်းဖြစ်သော မီဇိုးကျောင်းသားသမဂ္ဂ (MZP) ကလည်း မြန်မာနိုင်ငံတွင် တပ်မတော်မှ စစ်အာဏာသိမ်းယူသည့်အပေါ် ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ဖေဖော်ဝါရီ ၃ ရက်က ပြည်နယ်၏မြို့တော် အိုင်ဇောလ်မြို့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြပြီးဖြစ်သည်။
ယင်းဆန္ဒဖော်ထုတ်မှုတွင် မီဇိုရမ်ပြည်နယ်အတွင်း လက်ရှိအနိုင်ရပါတီအပါအဝင် အတိုက်အခံနိုင်ငံရေးပါတီများမှ ခေါင်းဆောင်များလည်းတက်ရောက်ခဲ့ကြပြီး တပ်မတော်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ကြောင်းနှင့် နိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုကြောင့် လုံခြုံရေးအခြေအနေအရ မြန်မာနိုင်ငံသားများ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်လာကြပါက ကောင်းမွန်စွာ ကြိုဆိုလက်ခံသွားရန် ပြောဆိုခဲ့ကြသည်။
၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကာလကတုန်းကလည်း မြန်မာနိုင်ငံမှ တက္ကသိုလ်ကျောင်းသားများ၊ နိုင်ငံရေးပါတီမှ ခေါင်းဆောင်များအပါအဝင် မြန်မာနိုင်ငံသားမြောက်အများ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးခိုလှုံခဲ့ကြရသည်။
Published
Thursday, February 11, 2021
မိသားစုဝင်များ မီဇိုရမ်ပြည်နယ်တွင် နိုင်ငံရေးခိုလှုံခွင့်ပေးရန် ချင်းအမျိုးသားတပ်ဦး တောင်းခံထား