ဆန္ဒပြရာတွင်ပါဝင်သော ဝန်ထမ်းများကို ညပိုင်းတွင် လိုက်လံဖမ်းဆီးနေ

ဆန္ဒပြရာတွင်ပါဝင်သော ဝန်ထမ်းများကို ညပိုင်းတွင် လိုက်လံဖမ်းဆီးနေ

ကချင်ပြည်နယ် နမ္မတီးမြို့တွင် ဆန္ဒပြမှုတွင်ပါဝင်သည့် ဆရာမတစ်ဦးအား ယမန်နေ့ (ဖေဖော်ဝါရီ ၉ ရက်) ညပိုင်းက အိမ်တွင် လာရောက်ရှာဖွေခဲ့သဖြင့် တိမ်းရှောင်နေရကြောင်း ကာယကံရှင်ကပြောသည်။

 

ဖေဖော်ဝါရီ ၅ ရက်မှ စတင်၍ နမ္မတီးမြို့ရှိ အထက်တန်းကျောင်း အမှတ် (၁) မှ ပညာရေးဝန်ထမ်းများ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်သည်ဟုဆိုကာ အဆိုပါဆရာမအား လိုက်လံရှာဖွေနေခြင်းဖြစ်သည်ဟု ပြောသည်။

 

ထွက်ပြေးတိန်းရှောင်နေရသည့် ဆရာမ ဒေါ်မာလာက “ည ၁၁ နာရီလောက်ကပေါ့ အိမ်ကိုလာပြီးတော့မှလေ လာအော်တယ်။ အိမ်ကလည်း တံခါးမဖွင့်ဘူး။ ကားတစ်စင်းက အိမ်ရှေ့ကိုရောက်နေတယ်။ နံနက် ၂ နာရီ နဲ့ ၁၅ မိနစ်လောက်မှ သူတို့ပြန်သွားတယ်။ ဆရာမ... ဆရာမ လို့ခေါ်တယ်။ အိမ်ရှေကအော်လိုက်၊ အိမ်ဘေးက အော်တယ်။ အုပ်ချုပ်ရေးမှူးလည်းပါတယ်။ အမျိုးသမီးတစ်ယောက်လည်းပါတယ်။ ဆယ်အိမ်ခေါင်းပဲ။ အကြာကြီးစောင့်နေတယ်။ မနက် ၆ နာရီ ခွဲမှာ ပြန်ထပ်ရောက်လာတယ်။ CDM လှုပ်ရှားမှုမှာ ကျွန်မကို ခေါင်းဆောင်လို့ထင်နေတာ။ ကျမသည် ခေါင်းဆောင်မဟုတ်ပါဘူး။ ကျွန်မတို့ရဲ့မျိုးဆက်ကြောင့် ကျွန်မတို့ လုပ်ရတာပါ” ဟု ပြောသည်။

 

၎င်းအနေဖြင့် ပြစ်မှုတစ်စုံတစ်ရာ လုပ်ထားခြင်းမရှိကြောင်း၊ အာဏာရှင်အစိုးရလက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိသည့်အတွက် ပြည်သူများနှင့်အတူ ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ရခြင်းသာဖြစ်သည်ဟု ဆရာမ ဒေါ်မာလာက ဆက်လက်ပြောသည်။

 

“ဘာပြစ်မှုမှ မလုပ်ထားဘူး။ ဆရာ/ဆရာမတွေရော ပြည်သူတွေရော အားလုံးပေါင်းပြီး CDM လုပ်တယ်လေ။ ကျွန်မကတော့ ဘာမှမစိုးရိမ်ဘူး။ အခုလိုလုပ်တာကိုလည်း နောင်တလုံးဝမရပါဘူး။ ကျွန်မတို့သည် နိုင်ငံ့အတွက် လှုပ်ရှားတဲ့၊ ပြည်သူကို ထိခိုက်တဲ့အခါမှာ အေးအေးချမ်းချမ်းနဲ့ ဆန္ဒထုတ်ဖော် တောင်းခံနေတာပဲဖြစ်ပါတယ်။ မတရားမှုကို လုံးဝ ခေါင်းငုံ့မခံနိုင်ပါဘူး။ အာဏာရှင်အစိုးရအောက်မှာ အလုပ်လုပ်လိုတဲ့ ဆန္ဒလုံးဝမရှိပါဘူး။”

 

နမ္မတီးမြို့၊ မြို့လှရပ်ကွက်ရှိ ဆရာမဒေါ်မာလာအိမ်သို့ ယမန်နေ့ညက တစ်ကြိမ်၊ ယနေ့နံနက်ပိုင်းက တစ်ကြိမ် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ ရဲတပ်ဖွဲ့ဝင်များ လာရောက်၍ ဆရာမအား စစ်ဆေးစရာရှိသူဟုဆိုကာ လာရောက်ခေါ်ယူခဲ့သည်ဟု သိရသည်။

 

ဆရာမဒေါ်မာလာသည် နမ္မတီးမြို့ရှိ အမှတ် (၁) အထက်တန်းကျောင်းမှ အထက်တန်းပြဆရာမတစ်ဦးဖြစ်ပြီး ဝန်ထမ်းသက်တမ်း အနှစ် ၃၀ ကျော်ရှိပြီဖြစ်သည်။

 

ဆရာမဒေါ်မာလာအပါအဝင် နမ္မတီးမြို့ အမှတ် (၁) အထက်တန်းကျောင်းမှ ကျောင်းဆရာ/ဆရာမများသည် ဖေဖော်ဝါရီ ၅ ရက်တွင် ဖဲကြိုးနီလှုပ်ရှားမှု လုပ်ဆောင်ခဲ့ပြီးနောက် ပြည်သူများနှင့်အတူ စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...