အစိုးရရုံးဝန်ထမ်းများအား အစိုးရအသစ် ဖွဲ့စည်းအချိန်အထိ ရုံးပိတ်ရက် အဖြစ်သတ်မှတ်ပေးလိုက်ကြောင်း ရှမ်းပြည်နယ် ဝန်ကြီးချုပ်ကိုယ်စား ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးညွန့်လွင်က ဖေဖော်ဝါရီ ၉ ရက်တွင် ကြေညာချက်ထုတ်ပြန်လိုက်သည် ။
ရှမ်းပြည်နယ်အစိုးရလက်အောက်တွက်ရှိသော ဦးစီးဌာန ၊ အဖွဲ့အစည်းများနှင့် လက် အောက်ခံ ရုံးဌာနအသီးသီးမှ သက်ဆိုင်ရာ အရာရှိ /အရာထမ်းဝန်ထမ်း များအားလုံးကို ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်များ အစိုးရအသစ် ဖွဲ့စည်းအချိန် အထိ အလုပ် ပိတ်ရက်အဖြစ် သတ်မှတ်ပေးလိုက်ကြောင်း ၎င်းကထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ထို့ပြင် တပ်မတော်က ဥပဒေမဲ့ အာဏာသိမ်းယူမှုအား ရဲဝံ့စွာ အာဏာဖီဆန်၍ ဆုံးဖြတ် ချက် ပြတ်သားသူ ပြည်သူ့ဝန်ထမ်းများအား အလေးအနက် ထားမှတ်တမ်းတင် ဂုဏ်ပြု ပါကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည် ။
လက်ရှိတွင် ရှမ်းပြည်နယ်၌ စစ်အာဏာသိမ်းကို ဆန့်ကျင်သည့်အနေဖြင့် Civil Disobedience Movement တွင် ပြည်နယ် အထွေထွေအုပ်ချုပ် ရေးဦးစီဌာနမှ ဝန်ထမ်းအချို့ ပါဝင်လာသည်ကို တွေ့ရသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ၂၀၂၁ ခုနှစ် ၊ ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော်က အာဏာသိမ်းယူခဲ့ပြီးနောက် ဖွဲ့စည်းပုံ အခြေခံဥပဒေအား လိုရာဆွဲအဓိပ္ပါယ်ဖွင့်၍ နိုင်ငံတော်အာဏာ အား သိမ်းယူခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ သိမ်းယူခဲ့သည့် အတွက် ပြည်သူ့ဝန်ထမ်း အလွှာအသီးသီးနှင့် ပြည်သူလူထုတို့မှာ အခက်အခဲများစွာ ကြုံတွေ့ခဲ့ရပြီး အာဏာသိမ်း တပ်မတော်အစိုးရ၏ လက်အောက်တွင် လုပ်ငန်းတာဝန်များ ဆောင်ရွက် လိုခြင်းမရှိသည့်အတွက် နည်းမျိုးစုံ ဖြင့် ဆန့်ကျင်အာဏာ ဖီဆန်လျှက်ရှိကြကြောင်း ရေးသားထားသည်။