ညမထွက်ရ အမိန့်နှင့် လူငါးဦးအထက်ပိုမစုရအမိန့် ပြည်သူ့အိုးအိမ်ထိခိုက်မည်စိုး၍ဖြစ်ဟု ကလေးမြို့နယ်အုပ်ချုပ်ရေးမှူးဆို

ညမထွက်ရ အမိန့်နှင့် လူငါးဦးအထက်ပိုမစုရအမိန့် ပြည်သူ့အိုးအိမ်ထိခိုက်မည်စိုး၍ဖြစ်ဟု ကလေးမြို့နယ်အုပ်ချုပ်ရေးမှူးဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်း ညမထွက်ရအမိန့်နှင့် လူငါးဦး သို့မဟုတ် ငါးဦးထက်ပိုမစုရအမိန့်ကို ဖေဖော်ဝါရီ ၈ ရက်မှစ၍ ကလေးမြို့နယ် အုပ်ချူပ်ရေးမှူးက ထုတ်ပြန်ခဲ့သည်။

 

ကလေးမြို့နယ် အုပ်ချုပ်ရေးမှုး ဦးကျုံလျန်ထန်းက “ဒီမှာက ဆန္ဒတွေပြနေလို့။ ပြီးတော့ ပြည်သူ့အိုးအိမ်ထိခိုက်တာတွေရှိမှာစိုးလို့ အဲ့တာကြောင့်ပါ။ လူ ငါးဦးထက်ပိုမစုရက နေ့ရော/ညရောဖြစ်တယ်” ဟု ပြောသည်။

 

ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်မှာ ည (၈) နာရီမှ နံနက် (၄) နာရီထိဖြစ်ပြီး၊ လူ (၅) ဦး သို့မဟုတ် (၅) ဦးအထက်ပိုသော သူများသည် လမ်းမကြီးများ၊ အများပြည်သူသွားရာလမ်း၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ် သို့မဟုတ် အများပြည်သူနှင့်ဆိုင်သောနေရာများတွင် စုဝေးခြင်းမပြုဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ယခုကာလတွင် ကလေးမြို့နယ်၊ နယ်နိမိတ်အတွင်း လူတချို့သည် အများပြည်သူတို့၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေရန် စိုးရိမ်ဖွယ်ရာရှိသည့် အပြုအမှုများကို ဆောင်ရွက်နေကြောင်း တွေ့ရှိရခြင်း၊ တည်ငြိမ်အေးချမ်းရေးနှင့် အများပြည်သူတို့၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်စေသည့်အပြင် ရုန်ရင်းဆန်ခတ်များ ဖြစ်ပွားစေနိုင်သည်ဟု ယူဆရသောကြောင့် ကလေးမြို့နယ်အတွင်း စုဝေးခြင်း၊ ဟောပြောခြင်း၊ ယာဉ်တမျိုးမျိုးကိုအသုံးပြုခြင်း၊ လူကိုယ်တိုင် စီတန်လှည့်လည်ခြင်း၊ လှုံဆော်ဆန္ဒပြခြင်း၊ ဖျက်ဆီးခြင်း၊ ရုန်းရင်းဆန်ခတ်ပြုမှုခြင်းများကို မပြုလုပ်ရန်တားမြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

 

ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄အရ ညမထွက်ရအမိန့်သည် နောက်ထပ် အမိန့်တစုံတရာမရမချင်း အတည်ဖြစ်စေရမည်ဟု ထုတ်ပြန်ချက်တွင် ထည့်သွင်းထားသည်။

 

တပ်မတော်စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် မြန်မာတစ်နိုင်ငံလုံး လမ်းမပေါ်ထွက် ဆန္ဒဖော်ထုတ်မှုများ ဖြစ်ပွားလျက်ရှိပြီး ကလေးမြို့တွင်လည်း ဖေဖော်ဝါရီ ၇ ရက်မှစ၍ နေ့စဉ် ဆန္ဒဖော်ထုတ်လျက်ရှိသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...